မဟာမိတ် KIA နဲ့ TNLA ကြား ဆက်ဆံရေးတင်းမာမှုတွေကို ညှိနှိင်းဖြေရှင်းရမယ်လို့ဆို

Author CJ Platform
Categories
Published on Mar 01, 2025

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား ယခုရက်ပိုင်းအတွင်း မြေပြင်တပ်ဖွဲဝင်တွေအချင်းချင်း အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပြီး ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်လာတာကြောင့် ထိန်းထိန်းသိမ်းသိမ်း ညှိနှိင်းဖြေရှင်းရမယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောဆိုခဲ့တယ်လို့ ဒီနေ့နေ့လယ် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တအာင်းတပ်ထိန်းချုပ်ထားရာ မန်တုံမြို့ကို ရောက်ရှိလာတဲ့ PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် က လူထုတွေ့ဆုံပွဲအတွင်း မြေပြင် ပွတ်တိုက်မှုတွေ ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုဖို့နဲ့ မဟာမိတ်တည်တံ့ခိုင်မြဲစေဖို့ နှစ်ဖက်တပ်တွေ ပူးပေါင်းဆောင်ရွက်သွားရမယ့် အချိန်ဖြစ်တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။

 

ဒါ့အပြင် မဟာမိတ်ကတိကဝတ်ကို ရှေးရှုပြီး မဟာမိတ်ကြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးက သတိထားဆောင်ရွက်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

နှစ်ဖက်တပ်တွေရှိနေတဲ့ မန်တုံဘက်မှာ အချင်းချင်းအငြင်းပွားမှုတွေဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ လူမှုကွန်ရက်စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါသေးတယ်။

 

နမ့်ခမ်းမြို့နယ်၊ မိုင်းဝီကျေးရွာကို ဒီနေ့ မနက် ၁ နာရီအချိန်မှာ ဒရုန်းနဲ့ ဗုံး ၄ လုံးအကြဲခံရတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့အပေါ် KIA ဘက်က လက်နက်နဲ့ စတင်အသုံးပြုတိုက်ခိုက်နေပြီလို့ သုံးသပ်သူတွေရှိနေသလို နှစ်ဖက်ပွတ်တိုက်မှုတွေကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ဒရုန်းနဲ့လာကြဲပြီး အထင်ကွဲလွဲမှုတွေကနေ လက်နက်နဲ့တိုက်ခိုက်ကြတဲ့အခြေအနေဖြစ်အောင် ဖန်တီးတာလဲ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။