“ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” အထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ညအပူချိန် ဆက်လက်ကျဆင်း အအေးပိုလာနိုင်
“ညအပူချိန်များ”
ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ညအပူချိန်တွေ ဆက်လက်ကျဆင်းပြီး ၁၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်အထိ ရောက်ရှိလာကာ အအေးပိုလာနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၂၀ ရက်ကျော်ပါက အအေးဓာတ်မရောက်သေးတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်တောင်ပိုင်း၊ မွန်ပြည်နဲ့ တနင်္သာရီတိုင်းတွေမှာ ညအပူချိန်တဖြည်းဖြည်းကျဆင်းလာပြီး ဆောင်းရာသီအငွေ့အသက်များ စတင်လာနိုင်မယ် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
လက်ရှိ ချင်းပြည်၊ ကချင်ပြည်နဲ့ ရှမ်းပြည်ဒေသအချို့မှာတော့ ညအပူချိန်တွေက ၁၀ ဒီဂရီစင်တီဂရိတ် အောက်ကို ကျဆင်းနေပြီဖြစ်တယ်လို့ သူက ပြောထားပါတယ်။
ညဘက်မှာ အအေးပိုလာပေမဲ့ နေ့အပူချိန်တွေက ဒီဇင်ဘာ လကုန်အထိမြင့်တက်နေဦးမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ခန်မှန်းထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ နောက်(၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းရှိ သီရိလင်္ကာ နိုင်ငံကမ်းလွန်-အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းမှာ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ တဖြည်းဖြည်းလျော့ကျလာပြီး တောင်ဘက်ခြမ်းမှာ မုန်တိုင်းရာသီအစပျိုးလာပြီဖြစ်တယ်လို့ မိုးလဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့ နေလယ်ပိုင်းက အသိပေးထားပါတယ်။
ဒါကြာင့် ဘင်္ဂလားပင်လယ်အော်အပါအဝင် အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ပိုင်း ပင်လယ်ပြင်မှာ မုန်တိုင်းရာသီပြီးဆုံးသွားပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အီကွေတာအနီးမှာ ဖြစ်လာမယ့် လေပွေလှိုင်းတွေကတော့ ဒီဇင်ဘာ ၂၀ ရက်ကျော်အထိ ရှိနေဦးမှာဖြစ်ပြီး အားကောင်းတဲ့ မုန်တိုင်းကြီးတွေတော့ မဖြစ်လာနိုင်တော့ဘူးလို့ ခန့်မှန်းထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေကနေ ခုနစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်၊ ရခိုင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။