လက်ဘနွန်မှာ ကလေးငယ်တွေ နေ့စဉ်သေဆုံးမှု မြင့်တက်နေပြီး အပစ်ရပ်စဲရေးကိစ္စလည်း ဆက်တိုက်ဆွေးနွေးနေ
လက်ဘနွန်နိုင်ငံမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၄ ရက်နေ့ကစပြီး ပျမ်းမျှ တစ်ရက်ကို အနည်းဆုံး ကလေးငယ် တစ်ယောက် သေဆုံးပြီး ၁၀ ယောက်နှုန်း ထိခိုက်ဒဏ်ရာ ရရှိနေတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အသိပေးပါတယ်။
လွန်ခဲ့တဲ့ ငါးပတ်အတွင်းမှာ ပျမ်းမျှ ကလေးနှစ်ဦးနှုန်း နေ့စဉ် သေဆုံးနေပြီး ဂါဇာစစ်ပွဲစတင်ချိန်ကစလို့ လက်ဘနွန်နိုင်ငံမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူပေါင်း ၂,၈၆၅ ယောက် သေဆုံးကာ ၁၂,၉၃၇ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
လက်ရှိမှာ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်နိုင်ငံ အရှေ့ပိုင်းက ဟစ်ဇ်ဘိုလာအဖွဲ့တည်ရှိရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့တုန်းကလည်း လက်ဘနွန်အရှေ့ပိုင်းက ဘဲလ်ဘက်ခ်မြို့တဝိုက်ကို အစ္စရေးဘက်က လေကြောင်းကနေ ဗုံးအလုံးရေ ၂၀ ဝန်းကျင် ကြဲချခဲ့တာကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနကပြောဆိုသလို လွှတ်တော်အမတ်တစ်ဦးကတော့ အစ္စရေးတို့ရဲ့ ဗျူဟာက “သတ်ဖြတ်ခြင်းနဲ့ ဖျက်ဆီးခြင်း” ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားလာနေခိုက်မှာပဲ လက်ဘနွန်ယာယီဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်မီကာတီ (Najib Mikati) ကတော့ အစ္စရေးနဲ့ အပစ်ရပ်စဲဖို့ ကြိုးပမ်းနေပြီး လာမယ့် နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာ အပစ်ရပ်စဲကြောင်း ကြေညာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အပစ်ရပ်စဲဖို့ကိစ္စကို အမေရိကန်ပြည်ထောင်စုကလည်း ပါဝင်ဆောင်ရွက်ပေးနေပြီး ကန်သံတမန် အားမို့စ် ဟော့ချ်စတိန်း (Amos Hochstein) ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်း ခရီးလှည့်လည်နေပြီး အပစ်ရပ်စဲရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု (Netanyahu) ကတော့ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဘာတွေပဲ ဖြစ်နေပါစေ အစ္စရေးရဲ့ လုံခြုံရေးကို အာမခံချက်ပေးရမယ်လို့ ကန်သံတမန်တွေကို ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလ်လန့် (Yoav Gallant) ကတော့ ဆွေးနွေးမှုတွေဟာ မြောက်ပိုင်းနယ်မြေနဲ့ လက်ဘနွန်နိုင်ငံဆိုင်ရာ လုံခြုံရေးအစီအမံတွေ၊ ဂါဇာက ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံ ၁၀၁ ယောက် ပြန်လွှတ်ရေးတို့အပေါ် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ – Reuters/Mohamed Abd El Ghany
ပုံစာ- လက်လနွန်ကနေ ဆီးရီးယားကို နယ်စပ်ဖြတ်ကျော်ရာလမ်းမှာ သူ့ရဲ့ ပစ္စည်းထုပ်တွေနောက်မှာ ပုန်းအောင်းနေတဲ့ ကလေးငယ်တစ်ဦးကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်
ကိုးကား – Al Jazeera