စနေ မနက်အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများ စုစည်းမှု
တန်းဆင်းပြစ်ဒဏ်ကျခံရဖွယ်ရှိနေတဲ့ လိုင်ယွန်
ပြင်သစ်လီဂူးဝမ်းချန်ပီယံဆုကို ငါးကြိမ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့အထိ အောင်မြင်ကျော်ကြားခဲ့တဲ့ လိုင်ယွန်အသင်းကတော့ ဒီရာသီ မပြီးဆုံးခင်မှာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် လီဂူး- ၂ ပြိုင်ပွဲဆီကို တန်းဆင်းပြစ်ဒဏ်ကျခံသွားရမယ်လို့ သိရပါတယ်။ တန်းဆင်းပြစ်ဒဏ်အပြင် အပြောင်းအရွှေ့ပိတ်ခွင့်လည်း ခံရနိုင်တယ်လို့ ဆိုပါတယ်။ လိုင်ယွန်အနေနဲ့ အချိန်မီ ဖြေရှင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဂျူဗင်တပ်စ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှုရခဲ့တဲ့ ပေါ့ဂ်ဘာ
ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမဲ့ အဆင့်ဆင့် အယူခံဝင်ခဲ့ပြီးနောက်မှာတော့ အောက်တိုဘာလမှာ ၁၈ လ ပွဲပယ်ပြစ်ဒဏ်အဖြစ် လျှော့ပေါ့ပေးတာ ခံခဲ့ရတာပါ။ ဒါကြောင့် ပေါ့ဂ်ဘာဟာ လာမယ့် ၂၀၂၅ ဇန်နဝါရီမှာ တရားဝင် လေ့ကျင့်ခန်းဆင်းနိုင်မှာဖြစ်ပြီး မတ်လထဲမှာတော့ ပြန်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းကတော့ ပေါ့ဂ်ဘာကို ဆက်ထိန်းထားဖို့ ဆန္ဒမရှိတာကြောင့် စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ပေါ့ဂ်ဘာကို ခေါ်ယူလိုတဲ့အသင်းတွေအနေနဲ့ အလွတ်ကြေးနဲ့ ခေါ်ယူခွင့်ရမှာလည်းဖြစ်ပါတယ်။
မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးဦးမယ့် ဂွာဒီယိုလာ
စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Football insider ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်စီးတီးနဲ့ ဂွာဒီယိုလာတို့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ဇွန်လမှာ ကုန်ဆုံးမှာပါ။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေအနေနဲ့ ဂွာဒီယိုလာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပြီး ၂၀၂၆ နွေရာသီအထိ ဆက်ရှိနေစေမယ့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့တာလို့ ဆိုပါတယ်။ ဂွာဒီယိုလာဟာ ၂၀၁၆ ခုနှစ်နွေရာသီမှာ မန်စီးတီးအသင်းထံ ရောက်လာခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအောင်မြင်မှုများစွာ ဆွတ်ခူးပေးထားနိုင်သူလည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမနီကွင်းလယ်လူကို ခေါ်ယူမယ့် မန်ယူ
မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီကွင်းလယ်လူ လီယွန် ဂိုရက်စ်ကာကို ခေါ်ယူဖို့အတွက် ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဂိုရက်စ်ကာဟာ ၂၀၁၈ ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားပေးလာခဲ့သူဖြစ်ပြီး ပွဲပေါင်း ၂၃၀ ကစားပေးထားကာ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ငါးကြိမ်နဲ့ တခြားဆုဖလားများစွာဆွတ်ခူးထားတဲ့ ဝါရင့်ကွင်းလယ်လူတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီရာသီမှာ ပွဲကစားခွင့်နည်းပါးသွားခဲ့ပြီး နည်းပြဖြစ်သူ ကွန်ပနီရဲ့ စိတ်ကြိုက်ကစားသမား မဟုတ်တော့တာကြောင့် အသင်းပြောင်းချင်နေသူလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဂိုရက်စ်ကာတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ဇွန်လမှာ ကုန်ဆုံးမှဖြစ်လို့ မန်ယူအနေနဲ့ ကစားသမားနဲ့ သဘောတူညီမှု ရမယ်ဆိုရင် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Sky Sports