၃ကြိမ်မြောက် ရုရှားသွားပြီးနောက် မင်းအောင်လှိုင် ပူတင်၏ လက်ကို ကိုင်ခွင့်ရ ကမ္ဘာ့ခေါင်းဆောင်ကြီးဟု မြှောက်ပင့်ပြော

Published on Sep 07, 2022

စစ်အာဏာသိမ်းပြီးနောက် ၃ကြိမ်တိတိ မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ပြီးနောက် ယနေ့ စက်တင်ဘာလ ၇ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခွင့်ရရှိခဲ့ပြီး ပူတင်၏ လက်ကို မင်းအောင်လှိုင် ကိုင်ခွင့်ရခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာများတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ အရှေ့ပိုင်း ဗလာဒီဗိုစတော့တွင် ကျင်းပနေသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ဆက်စပ်တွေ့ဆုံမှုအဖြစ် ပူတင်မှ မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်သို့ တွေ့ဆုံစဉ် မင်းအောင်လှိုင်မှ ပူတင်အား ရုရှားနိုင်ငံ ခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ကြောင်း မြှောက်ပင့်ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။


ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲမှုကြောင့် ကမ္ဘာ့နိုင်ငံများမှ ဝိုင်းဝန်းပြစ်တင် ပိတ်ဆို့ခံနေရသည့် ပူတင်ကို ကမ္ဘာကို တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းနိုင်သူအဖြစ် မင်းအောင်လှိုင်က မြှောက်ပင့်ပြောဆိုခဲ့သည်။


နိုင်ငံတကာတွင် အသိအမှတ်အပြုမခံရသည့် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် ပူးပေါင်းနိုင်ရေးမှာ အရေးတကြီး ဆောင်ရွက်ချက်ဖြစ်နေပြီး ယခုကဲ့သို့ မင်းအောင်လှိုင်မှ မျက်နှာချိုသွေး မြှောက်ပင့်ပြောဆိုနေခြင်းဖြစ်သည်။
Source- TASS
#ပူတင် #မင်းအောင်လှိုင် #အရှေ့ဖျားစီးပွားရေးဖိုရမ်