(၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို မီဇိုရမ်၊ အိုင်ဇောမြို့တွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကျင်းပမည်

Author မယ်ဘယ်ကိုး
Categories
Published on Feb 18, 2024

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောမြို့တွင် (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို  ဖေဖော်ဝါရီ ၁၉ မှစတင်ကာ ၂၀ ရက်နေ့အထိ ညနေ ၇ နာရီ အချိန်တွင် Dawpui Muiltipurpose Hall ၌ ပြုလုပ် ကျင်းပသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားနေ့ ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုဗားသဲမှ CJ Platform သို့ ပြောသည်။

ချင်းအမျိုးသားနေ့ ပွဲဖြစ်မြောက်နိုင်ရေးအတွက် ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်မှ ကိုယ်စားပြု ပုဂ္ဂိုလ်များ၊ ချင်းကျောင်းသားများ သမဂ္ဂ၊ မီဇိုရမ်ရောက် မြန်မာနိုင်ငံမှ အဖွဲ့အစည်းများနှင့် စုပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မီဇိုရမ်ရောက်ရှိနေသည့် ချင်းလူမျိုး အချင်းချင်း စည်းလုံးညီညွတ်စေရန်နှင့် အပြန်အလှန်နားလည်မှုများ ရှိစေရန်ရည်ရွယ်ချက်များဖြင့် ယခုနှစ်တွင် ကြီးကျယ်ခမ်းနားစွာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

“ မီဇိုရမ်အိမ်ရှင်အနေနဲ့လည်း ချင်းတွေအားလုံးကို စုစည်းနိုင်ဖို့ သူတို့ကြိုးစားတယ် ဒါကြောင့် ပွဲအစီစဉ်ချတဲ့အခါမှာ  ရှည်သွားတဲ့အတွက် ပထမနေ့နဲ့ ဒုတိယနေ့ဆိုပြီး ခွဲလိုက်တယ် တစ်ရက်မှာ ၃ နာရီလောက်တော့ အချိန်ယူရမှာပေါ့” ဟု ချင်းအမျိုးသားနေ့ပွဲ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုဗားသဲမှ ဆိုသည်။

 

ချင်းအမျိုးသားနေ့ ပွဲဖြစ်မြောက်နိုင်ရေးအတွက် မီဇိုရမ်မှ အဆိုရှင်များ၊ ဒေသခံ တတ်သိပညာရှင်များ ကလည်း ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကာ Main sponsor အနေဖြင့် USA -Chin Tube မှပါဝင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကူညီပံ့ပို့ခဲ့ကြကြောင်း ၎င်းကပြောသည်။

 

“ ဒီနှစ်က ထူးခြားချက်အနေနဲ့ အဓိက မီဇိုး စကားကို အသုံးပြုသွားမယ်၊ ကိုယ့်ရဲ့ချင်း စကားနဲ့လည်းပြောနိုင်တယ် သီချင်းတွေကို ဗမာသီချင်း မဆိုဘဲ ချင်းသီချင်း တွေပဲဆိုရမယ် လို့တော့ ကန့်သတ်ထားတယ် အဓိက ချင်းစကားတွေ အများကြီး ပြောစေချင်တယ် ချင်း အချင်းချင်း နားလည်မှု တည်ဆောက်စေချင်လို့ အခုလို စီစဉ်ခြင်းဖြစ်တယ်” ဟု ချင်းအမျိုးသားနေ့ပွဲ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုဗားသဲမှ ဆိုသည်။

ပွဲရက်မတိုင်ခင် ဖေဖော်ဝါရီ ၁၀၊ ၁၅၊ ၁၆ ရက်နေ့တို့တွင် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ချစ်ကြည်ရေး အားကစားပွဲများ ပြုလုပ်ကျင်းပခဲ့ရာ ဆုရရှိသည့် အသင်းများကို ချင်းအမျိုးသားနေ့ ပွဲနေ့တွင် ဆုပေးအပ်သွားမည်ဖြစ်ကြောင်း နှင့် ပွဲတက်ရောက်မည့်သူများ အနေဖြင့် ချင်းရိုးရာဝတ်စုံများ ဝတ်ဆင်လာကြရန် ၎င်းမှ တိုက်တွန်းထားသည်။

 

နှစ်စဉ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် ချင်းအမျိုးသားနေ့ကို ယခင်နှစ်က မီဇိုရမ် ၊အိုင်ဇောမြို့တွင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာညွှန်း- ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပနေပုံ