၃၄နှစ်တာ တော်လှန်ရေးကာလတစ်လျှောက်လုံး ABSDF မှ ရဲဘော် ၇၆၀ ကျော်ကျဆုံးခဲ့ရ

Author လင်းခိုင်
Categories
Published on Nov 02, 2022

၈၈ အရေးတော်ပုံမှ စတင်ကာ ၃၄နှစ်တာ တော်လှန်ရေးကာလတစ်လျှောက်လုံး ကျောင်းသားတပ်မတော်(ABSDF) မှ ရဲဘော် ၇၆၄ ဦးကျဆုံးခဲ့ကြောင်း နို၀င်ဘာ ၁ရက်တွင် ကျရောက်သည့် တပ်မတော် တည်ထောင်ခြင်း ၃၄နှစ်မြောက်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံမှ မွေးဖွားခဲ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး-မကဒ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၃၄နှစ်ပြည့်မြောက်ခဲ့ပြီး တော်လှန်ရေးခရီးစဉ်အတွင်း (ယနေ့နွေဦးတော်လှန်ရေးအပါအ၀င်) ရဲဘော် ၇၆၄ဦးကျဆုံးခဲ့ပြီး၊ ၄၀၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ခေတ်အခြေအနေသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီးသုံးရပ်လုံး အလုံးစုံပျက်ဆီးနေပြီး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အခန်းကဏ္ဍအားလုံးသည် ယိုယွင်းပြိုကျနေသည့် အခြေအနေဖြစ်နေကာ တတိုင်းပြည်လုံး အကြပ်အတည်းကြီးကို ရင်ဆိုင်ဖြတ်သန်းနေကြရခြင်းသည် စစ်ကောင်စီ၏ အာဏာသိမ်း အကျိုးဆက်များကြောင့် ဖြစ်သည်ဟု ကြေညာချက်တွင် ဆိုထားသည်။

နွေဦးတော်လှန်ရေးနှင့်အတူ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူလူထုကြီး တရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ၀င်မှုသည် နိုင်ငံအနှံ့ ကျယ်ပြန့်လာပြီး မိမိတို့ အဖွဲ့အစည်းအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး လုပ်ငန်းစဉ်များကို အရှိန်မြင့် ဆောင်ရွက်ခဲ့ပြီး ညီနောင်မဟာမိတ် အသီးသီးနှင့် လက်တွဲ တိုက်ပွဲ၀င်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၃၄နှစ်တာ တော်လှန်ရေး သမိုင်းသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တိုက်ပွဲ၀င်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး လူမျိုးပေါင်းစုံတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချပေါ်ထွန်းစေရမည်ဖြစ်ကာ အရေးတော်ပုံအောင် ရမည်ဟု ABSDF ကကြေညာထားသည်။