စစ်ကိုင်းမှာ မဲစာရင်းနံပါတ်မသိလို့ ဖမ်းဆီးခံရသူတွေကို သိန်း ၂၅၀ ခန့်နဲ့ ပြန်ရွေးခိုင်း ငွေမပေးနိုင်သူတွေ စစ်မှုထမ်းစုဆောင်းခံရ
စစ်ကိုင်းမြို့နဲ့ မန္တလေးတိုင်း ၊ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား ( ရတနာပုံ) တံတားပေါ်မှာ မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့က ဖြတ်သန်းသွားလာသူတွေကို မဲစာရင်းနံပါတ်မေးကာ မဖြေနိုင်တဲ့သူတွေကို စစ်အုပ်စုက ဖမ်းဆီးသွားပြီး ကျပ်ငွေ သိန်း ၂၅၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတံတားပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့သူတွေကို စစ်ဆေးကာ ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီးနောက် ညနေပိုင်းမှာ မိသားစုတွေကို ဆက်သွယ်ခိုင်းပြီး ငွေကြေးနဲ့ ရွေးခိုင်းခဲ့တာဖြစ်ပါတယ်။
“ထွေအုပ်ရုံးကို အချိန်မီလိုက်တဲ့လူတွေ တချို့တော့လွတ်တယ် ၊ တစ်ယောက်ကို သိန်း ၂၅၀ တောင်းတာ ၊ ပိုက်ဆံရှိတဲ့ထဲ ငွေပေးနိုင်တဲ့သူတွေမို့ လွတ်တာပါ ၊ အများကြီးမလွတ်ဘူး။ “ လို့ ဖမ်းဆီးခံရသူတချို့နဲ့နီးစပ်တဲ့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်အုပ်စုက ဖမ်းဆီးခြင်းခံရသူ ၅၀ ခန့်ရှိခဲ့ပြီး ငွေပေးနိုင်သူတချို့ လွတ်မြောက်ခဲ့ပေမယ့် အချိန်မီ ငွေနဲ့မထုတ်နိုင်သူတွေကိုတော့ တပ်မ ၃၃ ကို ပို့ဆောင်ခြင်းခံခဲ့ရပြီး ဒီကနေ့ နေ့လယ်ပိုင်းထိကတော့ ပြန်လည် လွတ်မြောက်လာတာမရှိသေးဘူးလို့ သိရပါတယ်။
“အခုလည်းပတ်ဖမ်းနေတာပဲ မြို့ထဲ ဆိုင်ကယ် နှစ်ယောက်ပူးသုံးယောက်ပူးတွေ စီးပတ်နေတာ အပြင်လည်းလူကိုမထွက်ဘူး ၊ အပြင်မထွက်ရ သပိတ်လုပ်ထားသလိုပဲ” လို့ ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ တစ်နာရီခန့်မှာ မြို့ခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကိုင်းမြို့ခံတွေရဲ့ ပြောဆိုချက်အရ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ စစ်မှုထမ်းအတွက် ဖမ်းဆီးခေါ်ဆောင်တာတွေအပြင် အခုလို ဖမ်းဆီးငွေညှစ်တာတွေ မကြာခဏပြုလုပ်တာ ၊ နေအိမ်ထဲထိ အကြောင်းမဲ့ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုကသူတို့ရဲ့ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပင် ဒေသခံတွေအပေါ် နေ့စဉ်လိုဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာပထမအပတ်ထဲမှာပင် ငွေနဲ့အချိန်မီ ရွေးမထုတ်နိုင်တဲ့ လူငယ် ၈၀ ကျော်ကို စစ်မှုထမ်းစေဖို့ ပို့ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့အထွက်၊ မန္တလေး-မုံရွာလမ်းမကြီးပေါ်မှာ ခရီးသွားကားတွေကို တားဆီးကာ အမျိုးသားလူငယ်တွေကိုမြို့နယ်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
