၂ နှစ်အတွင်း PDF များကို ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ပေးခဲ့ဟု NUG ဆို

Author ခေတ်နီ
Categories
Published on Oct 04, 2023

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းနှင့် စစ်ကြောင်းများကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းအထိထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

ထိုထောက်ပံ့ငွေ၏ ၈၆ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၁၃ ဒသမ ၅ သန်းသည် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)၏ ၂၁ လတာအတွင်း ကောက်ခံရရှိသည့်အထဲမှဖြစ်ပြီး နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၀၀ ကျော်ကို ၁၆ ကြိမ်ခွဲကာ ထောက်ပံ့ခဲ့ခြင်းကာ နောက်ဆုံးအကြိမ်ထောက်ပံ့မှုသည် ဒေါ်လာ တစ်သန်းနီးပါးရှိခဲ့ကြောင်း NUG က ဆိုသည်။

PRF သည် NUG မှအကောင်အထည်ဖော်နေသည့် ထောက်ပံ့ရေးအစီအစဥ်တစ်ခုဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို ထောက်ပံ့သူများမှ လစဥ်ငွေကြေးထောက်ပံ့ပေးသည့်အစီအစီတစ်ခုဖြစ်သည်။

PRF အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာမှ ယခုနှစ်ဧပြီလအထိ ဒေါ်လာ ၁၀ ဒသမ ၉၃ သန်းအထိရရှိခဲ့ပြီး PDF တပ်ဖွဲ့ဝင်များကို ထောက်ပံ့လိုသူများအနေဖြင့် မြန်မာငွေ သုံးသောင်းကျပ်မှစတင်ကာ လစဥ်ထောက်ပံ့နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲဘော်တွေ၊ စစ်ကျောင်းမှူးတွေရဲ့ တိုက်ရည်ခိုက်ရည်၊ ဗျူဟာတွေဘယ်လောက်ကောင်းနေပါစေ၊ ကျွန်တော်တို့နောက်မှာ ထောက်ပို့မရှိရင် စစ်အာဏာရှင်ကို ကျွန်တော်တို့တစ်တွေ တိုက်ထုတ်နိုင်မှာမဟုတ်ဘူး” ဟု Union Liberation Force-ULF တပ်ပေါင်းစု စစ်ရေးတာဝန်ခံက ပြောသည်။

ထိုသို့ NUG ကဆိုသော်လည်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ငယ်များမှာ ယခုအချိန်ထိ NUG ၏ ထောက်ပံ့မှုမရရှိသေးကြောင်း CJ Platform နှင့်ပြုလုပ်သည့်အင်တာဗျူးများအတွင်း ဖြေကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော Peace Taker Task Force(PTTF)တာဝန်ခံ ဗိုလ်ဂေါ်ယာနှင့် CJ Platform တို့အမေး၊ အဖြေပြုလုပ်စဉ် CJ က ” NUG ရဲ့ ထောက်ပံ့မှုရလား။ ထောက်ပံ့မှုနည်းနေတာလား။ မထောက်ပံ့ဘူးလား” ဟု မေးမြန်းသည်ကို ဗိုလ်ဂေါ်ယာက “ခုချိန်ထိတော့ မရဖူးသေးဘူး” ဟု တိုတိုရှင်းရှင်းပြန်လည်ဖြေကြားခဲ့သည်။