၂ နှစ်ကျော်အတွင်း ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး စစ်ကောင်စီကြောင့်သေဆုံး

Author မင်းထက်
Categories
Published on Oct 05, 2023

အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်(၁၈)နှစ်အောက် ကလေးငယ်(၄၉၁)ဦးအထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

စစ်အုပ်စုသည် နိုင်ငံတကာကဆုံးဖြတ်ချက်များကို မလိုက်ဘဲ စစ်ရာဇဝတ်မှုများကျူးလွန်ခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းနှင့် ကလေးငယ်များကို သတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိကြောင်း အောက်တိုဘာ ၄ ရက် ရက်စွဲဖြင့် NUG က ထုတ်ပြန်ထားသည်။

ထို့​ကြောင့် စစ်ကောင်စီ စစ်အုပ်စုကို အရေးယူနိုင်မည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူနိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် NUG အနေနှင့် တောင်းဆိုခဲ့သည်။

ထို့ပြင် စစ်အုပ်စု၏လုပ်ရပ်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်မြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းခဲ့သည်။

လတ်တလောအနေဖြင့် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ၊ ဘူတာစုရပ်ရှိ၊ ခန္တီဝံသာရာမကျောင်းတိုက်ကို ဝန်းသိုမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စု တမခ-၃၃ လက်အောက်ခံ ခမရ-၁၂၀ အထိုင်တပ်က စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာလ (၂၇)ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲခန့်က လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအနီး ကပ်လျက်ရှိသော ကျေးရွာအခြေပြုပြည်သူ့ပညာရေး စာသင်ကျောင်းဆောင်၌ စာသင်ကြားနေသော ဆရာမ(၁) ယောက်နှင့် ကလေးငယ်(၂၁) ယောက် စုစုပေါင်း (၂၂)ယောက်သည် လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ် (၂၁) ယောက်တွင် အသက် (၇) နှစ်အရွယ် (၆) ယောက် ၊ အသက် (၈) နှစ်အရွယ် (၅) ယောက် ၊ အသက် (၁၀) နှစ်အရွယ် (၄) ယောက် ၊  အသက် (၁၁) နှစ်အရွယ် (၃) ယောက် ၊ အသက် (၁၂) နှစ်အရွယ် (၂) ယောက် နှင့် အသက် (၁၄) နှစ်အရွယ် (၁) ယောက် ပါဝင်ပြီး စုစုပေါင်းကလေးငယ် ကျား (၁၂) ယောက်နဲ့ မ (၉) ယောက် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စစ်အုပ်စုသည် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဖျက်အားပြင်းလက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ကြပြီး စာရင်းဇယားများအရ ဖျက်အားပြင်းလက်နက်ကြီး အသုံးပြုတိုက်ခိုက်မှု (၂၃၅၁) ကြိမ်ရှိခဲ့ကြောင်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများ​ကြောင့် ကလေးငယ် (၄၉၁) ယောက် ထိခိုက်သေဆုံးခဲ့ရပြီး စာသင်ကျောင်းပေါင်း (၁၁၉) ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။