၂၄နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်

Published on Aug 24, 2022

🖋လင်းခိုင်

သြဂုတ်၆ရက် နေ့လည် တစ်နာရီ မိနစ်၃၀ အချိန်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်း၌ နောက်၂၄နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အတွက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တိုတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

“ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက INVEST-97B ကတော့ ရက်တိုတိုအတွင်းမှာဘဲ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေ အာရေဗျပင်လယ်ဘက်ကို ရောက်သွားမယ်လို ကြိုတင်ခန့်မှန်းချက်များမှာ တွေ့ရပါတယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်နိုင်ကပြောကြားသည်။

ECMWF Model ၏ ရက်ဝေးကြိုတင်ခန့်မှန်းချက်များအရ ဩဂုတ်လ ၁၁ ရက်- ၁၂ ရက်နှင် ြ ၁၃ ရက်တွင် တနိုင်ငံလုံး မိုးအားပြန်လျော့သွားနိုင်ပြီး ဩဂုတ်လ ၁၄ ရက်နေ့၌ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ပင်လယ်ပြင်တွင် နောက်ထပ်လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း တစ်လုံးထပ်ဖြစ်လာနိုင်မည်ကို တွေ့ရသည့် ၁၃-၁၄ ရက်နောက်ပိုင်း နိုင်ငံအနှံအပြားမိုးပြန်များလာနိုင်ဘွယ်ရှိကြောင်း ဦးဝင်းနိုင်ကဆိုသည်။