၂၀၂၃ ခုနှစ်ကို အလုပ်နှင့် သက်သေပြမည်ဖြစ်ကာ အပြောနှင့် ကိုက်ညီရန် ကြိုးစားရမည်ဟု ယာယီသမ္မတပြောကြား

Author မွန်လေး
Categories
Published on Jan 03, 2023

 

၂၀၂၃ ခုနှစ်ကို အလုပ်နှင့် သက်သေပြမည်ဖြစ်ကာ အပြောနှင့် ကိုက်ညီရန် ကြိုးစားရမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင် ပြုလုပ်သည့် ၈၁ ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံ၏ အတိတ်သမိုင်းကို ကြည့်ပါက လူနှင့် မူပြသနာသည် ကြီးကြီးမားမား ရှိခဲ့သည်ကိုတွေ့ ရကြောင်း၊ အထူးသဖြင့် စစ်အစိုးရခေတ် တလျှောက်လုံး လူနှင့်မူသည် တခြားစီဖြစ်ခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကို သင်ခန်းစာယူကာ နှစ်သစ်တွင် လူနှင့်မူ အံ၀င်ခွင်ကျဖြစ်ရေး၊ လူမှန်ရောမှန်ဖြစ်ရေး အဓိကဦးစားပေး သုံးသပ်ရန် ယာယီသမ္မတက ပြောကြားသည်။

“နှစ်သစ်ရောက်ပြီဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေဆက်ဖြစ်မလဲလို့ မျှော်လင့်တောင့်တနေတာတွေရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လို ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ်ကိုက်ညီဖို့လည်း ကြိုးစားရပါလိမ့်မယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

တော်လှန်ရေးအလုပ်နှင့် အစိုးရအဖွဲ့ လုပ်ငန်းစဉ်များ ထိထိရောက်ရောက်ပီပီပြင်ပြင်ရှိရေးသည် NUG အစိုးရအဖွဲ့ ခေါင်းဆောင်များအားလုံး၏ စီမံခန့်ခွဲမှု အရည်အချင်းများအပေါ် မူတည်နေကြောင်း၊ ထိရောက်သည့် စီမံကွပ်ကဲမှုဖြစ်ရန် အားလုံးစနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

“ငွေကြေး သုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့်မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကို တိတိကျကျ ခံယူဖို့လိုတယ်” ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

အစိုးရအဖွဲ့၀င် ခေါင်းဆောင်အားလုံး အပြောနှင့် အလုပ်ညီကြအောင် ပြုမှုကြရန် အထူးတိုက်တွန်းလိုကြောင်း၊ ၂၀၂၃ ခုနှစ်ကိုလည်း ယခင်နှစ်ဟောင်းကဲ့သို့ အလုပ်နှင့် သက်သေပြရန် နှိုးဆော်ချင်ကြောင်း၊ သက်ဆိုင်ရာ ကော်မရှင်၊ ကော်မတီများအတွက် မူနှင့်လူ ကိုက်ညီခြင်းမရှိ၊ မရှိ စိစစ်သုံးသပ်ရန်နှင့် လူထုထံကရရှိသည့် အထွေထွေအရင်းအမြစ်များကို တော်လှန်ရေးအောင်မြင်ရန်အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲရေးကို ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ဓာတ်ပုံ- NUG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ