၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း KNU ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီနှင့် BGF ၂၁၀ ကျော်သေဆုံးကာ၊ ပူးပေါင်းတပ်ဖွဲ့မှ ၉ ဦးကျဆုံးခဲ့

Author လင်းခိုင်
Categories
Published on Jan 07, 2023

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း KNU ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီနှင့် BGF ၂၁၇ ဦးသေဆုံးခဲ့ပြီး၊ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၉ ဦးကျဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလအတွင်း KNU ထိန်းချုပ်နယ်မြေတွင် တိုက်ပွဲကြီးငယ်၊ ၃၀၆ ကြိမ်ဖြစ်ပွားခဲ့ကာ၊ အာဏာသိမ်းစစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၂၁၇ ဦးသေဆုံးပြီး၊ ၁၇၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ KNLAနှင့် KNDO တပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် ၉ ဦးအသက်ပေးလှူခဲ့ကာ ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

KNU တပ်မဟာ (၁)၊ ဒူးသထူခရိုင်တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များမှ ကျေးရွာများသို့ လက်နက်ကြီး အလုံး ၆၀ ကျော်ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၄လုံး၊ စပါးကျီ ၄လုံးထိခိုက်ပျက်စီးကာ ကလေးငယ်များအပါအ၀င် လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် တပ်မဟာ (၂)၊ တောဦးခရိုင်နယ်မြေအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ လေကြောင်း တိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၃လုံး ကြဲချခဲ့သည်။

တပ်မဟာ (၃) နယ်မြေ၊ ခလယ်လွီထူခရိုင်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးကာ၊ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေယာဉ် ၅စင်း၊ တိုက်ခိုက်ရေး ဒရုန်း နှစ်စင်းတို့ဖြင့် နေရာ ၃ ခုအား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် တပ်မဟာ (၄) နယ်မြေ၊ ဘိတ်/ထား၀ယ်ခရိုင် အပြစ်မဲ့ပြည်သူ ငါးဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း၊ တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင် အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များမှ ကျေးရွာများသို့ လက်နက်ကြီး အလုံး ၁၀၀ ကျော်ပစခတ်ခဲ့ကာ အသက် ၁၃ အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး ၊ အရပ်သားပြည်သူ ၄ဦးထိခိုက်ခဲ့ကာ၊ အသက် ၁၄ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးအပါအ၀င် ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ဆက်လက်ပြီး တပ်မဟာ (၆) အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များက လက်နက်ကြီး ၁၂၅ လုံးပစ်ခတ်ခဲ့ခြင်းကြောင့် ဦးဇင်း ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး၊ ဦးဇင်း ၄ ပါး၊ ကိုရင် ၁ပါးနှင့် အသက် ၁၀ နှစ်အောက်ကလေးငယ် နှစ်ဦးအပါအ၀င် စုစုပေါင်း ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့်တွင် ဗုံးအလုံးရေ ၃၀ ထက်မနည်းကြဲချခဲ့ကြောင်းကြောင့် လူနေအိမ်ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်များ၊ KNLA ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ပြည်သူများစစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ၊ အ၀တ်အစား၊ အမိုးအကာ၊ ဆေးဝါးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။
ဓာတ်ပုံ-KNU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #KNU #ဒီဇင်ဘာလ #စစ်ရေးအနှစ်ချုပ်