၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း NUG မှ လူသားချင်းစာနာမှု အကူအညီ အတွက် ငွေကျပ် သန်း ၆၀၀ ကျော်ထောက်ပံ့ခဲ့

Author မွန်လေး
Categories
Published on Jan 23, 2023

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ လူသားချင်းစာနာမှု အကူအညီအတွက် ငွေကျပ် ၆၁၆ဒသမ၇၇ သန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလအတွင်း အပူချိန်ကျဆင်းပြီး အအေးပိုလာသဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် အနွေးထည်နှင့် စောင်ထောက်ပံ့မှုများကို ပြုလုပ်ခဲ့သည်။

ထို့ပြင် လမ်းဖောက်ရန် ထောက်ပံ့မှု၊ စစ်ကောင်စီတပ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် ယာယီခိုလှုံနေထိုင်နိုင်သည့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း၊ စီမံချက်နှင့် ကျောင်းများတွင် ယာယီဗုံးခိုကျင်း တည်ဆောက်ရေး စီမံချက်တို့ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်ဟု လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက ဆိုသည်။

မြေပြင်အဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်ကောင်စီကြောင့် ဘေးဒုက္ခခံစားနေရသည့် ပြည်သူများနှင့် ပြည်သူ့၀န်ထမ်းများကို အရေးပေါ် ထောက်ပံ့ကူညီပေးခြင်းများကိုလည်း ပုံမှန်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စိတ်လူမှုဝေဒနများ လျော့ပါးသက်သာစေရန်နှင့် စိတ်လူမှု အထောက်အပံ့ဖြစ်စေရန် Mind healers စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှတဆင့် နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း၊ ယခုထောက်ပံ့ပေးသည့် လူသားချင်းစာနမှုအကူအညီများသည် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းများ ဖြစ်ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #လူသားချင်းစာနာမှု