၂၀၁၅ အလွန် ယူရေနီယံ အရှုပ်တော်ပုံ
အရပ်သားအစိုးရ တက်လာပြီးနောက် ဖွံဖြိုးစလမ်းကြောင်းပေါ် ရောက်လာတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ယနေ့မှာတော့ ပြည်သူတွေဟာ အကြပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
တံခါးပိတ် မူဝါဒ ကျင့်သုံးခဲ့ရာကနေ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံတကာ သံတမန်ရေးရာ ဆက်ဆံမှုတွေ ပြန်လည် ကျင့်သုံးရာကနေ တိုးတက်မှု အပေါင်းလက္ခဏာတွေ ပြန်ပြခဲ့တဲ့ မြန်မာ နိုင်ငံရဲ့ အရွေ့အချိန်မှာကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဦးဆောင်တဲ့ အစိုးရတစ်ရပ် က လက်လွှဲယူခဲ့ပြီးနောက် ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေဟာလည်း များစွာ ရှိနေပါတယ်။
ဒီပြဿနာတွေ ထဲမှာ ဒုတိယကမ္ဘာစစ်ကြီး အပြီး နိုင်ငံတကာက ကန့်သတ်ပြဌာန်း လိုက်တဲ့ နျူစွမ်းအင် ကန့်သတ်ဥပဒေနဲ့ ငြိစွန်းပြီး နျူစွမ်းအင်ထုတ်ပေးနိုင်တဲ့ ယူရေနီယံ ခေါ် ရှားပါးဒြပ်စင်တွေကို မြန်မာနိုင်ငံအချို့သော ဒေသတွေမှာ တူးဖော်ရရှိနိုင်တယ် ဆိုတဲ့ ကိစ္စရပ်ကြီးတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။
နျူစွမ်းအင် ထုတ်ပေးနိုင်တဲ့ ယူရေနီယံဆိုတာ ဘာလဲ ?
ကမ္ဘာပေါ်က သဘာဝဒြပ်စင် အမျိုးမျိုးထွက်ရှိတဲ့အနက် နျူကလီးယားစွမ်းအင် ထုတ်ပေးနိုင်တဲ့ ဒြပ်စင်တွေဆိုတာ အနည်းအကျဉ်းသာ ရှိပြီး အဲ့အထဲမှာ ယူရေနီယံ ဒြပ်စင်ကလည်း အပါအဝင်ပါ။
ရေဒီယိုသတ္တိကြွမှု မြင့်တဲ့ ဒီဒြပ်စင်ဟာ တခြားသော ဒြပ်စင်တွေထက် တွေ့ရှိနိုင်ဖို့ ရှားပါးပြီး ဒြပ်စင်တွေအနက် အလေးဆုံး နဲ့ အဖိုးအတန်ဆုံး ဒြပ်စင်လို့နိုင်ငံတကာက သတ်မှတ်ထားကြပါတယ်။
ငွေညိုရောင် အဆင်းရှိတဲ့ ဒီယူရေနီယံဒြပ်စင်ကို ၁၇၈၉ ခုနှစ်မှာ မာတင်ဟင်နရစ်(Martin Heinrich) ဆိုသူက ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဒြပ်စင်ရဲ့ ရေဒီယိုသတ္တိကြွမှုရှိတဲ့အကြောင်းကို ၁၈၉၆ ခုနှစ်မှာ ဟင်နရီ ဘက်ကွာရယ်လ်(Henri Becquerel)က ထုတ်ဖော်နိုင်ခဲ့ပါတယ်။
တိကျသေချာတဲ့ သန့်စင်ရေး အဆင့်တွေ ကျော်ဖြတ်ပြီးပါက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တစ်ခုလုံးကို ပြာကျသွားစေခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်တို့ အသုံးပြုခဲ့တဲ့ Atomic Bomb ခေါ် နျူကလီးယားဗုံး တစ်ခုကို ပြုလုပ်နိုင်တဲ့ နေရာမှာ အသုံးပြုပြီး တခြားသော အဆင့်မြင့် စစ်ဘက်ဆိုင်ရာ လက်နက်တွေ ထုတ်လုပ်ရာမှာလည်း သုံးနိုင်ပါသေးတယ်။
မြန်မာနိုင်ငံမှာ ယူရေနီယံ ဘယ်လိုတွေ့ ?
ဒီလိုရှားပါးပြီး အဖိုးတန်တဲ့ ဒြပ်စင်တွေကို မြန်မာနိုင်ငံမှာ ရှာဖွေတွေ့ရှိနိုင်တယ်လို့ လူထုက ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် အစပျိုးခဲ့သူဟာ တခြားသူ မဟုတ်ပါဘူး။
ခရိုနီလို့ ပြည်သူက နာမည်တပ်ထားတဲ့ ထူးလုပ်ငန်းစု ကုမ္ပဏီများပိုင်ရှင် ဦးတေဇပါ။
၂၀၁၅ ခုနှစ် ဝန်းကျင် ကာလတွေမှာ ဟိုးလေတကျော်ကျော် ဖြစ်ခဲ့ရတဲ့ “ဦးတေဇ ယူရေနီယံ ဓာတ်သတ္တိသင့်နေပြီ”ဆိုတဲ့ သတင်းတွေ ပျံနှံခဲ့တာဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။
လွန်လေပြီးတဲ့ ၁၉၈၂ ခုနှစ်ကာလများကတည်းက Technical Service Cooperation(TSC) ကို ပညာရှင်များနဲ့ ဖွဲ့စည်းခဲ့ပြီး ယူရေနီယံ ကို မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့ နယ်တဝိုက်၊ ကချင် နှင့် ရှမ်းပြည်နယ် တောင်ကြီးဒေသ များမှာ ရှာဖွေခဲ့ကြတဲ့ အထောက်အထားတွေ ရှိခဲ့ပါတယ်။
နိုင်ငံတော်အေးချမ်းသာရေးနှင့် ဖွံဖြိုးရေးကောင်စီ ခေါ် နအဖအစိုးရ လက်ထက်မှာလည်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ယူရေနီယံ ဒြပ်စင် ကို အခြေခံပြီး နျူကလီးယားစီမံကိန်းကို စတင်ခဲ့ကာ ယူရေနီယံ ထွက်ရှိတယ်လို့ သတင်းထွက်နေတဲ့ မိုးကုတ်မြို့နဲ့ မနီးမဝေးမှာရှိတဲ့ သပိတ်ကျင်းမြို့ အနီးတဝိုက်မှာ တပ်ရင်း တစ်ရင်းဖွင့်လှစ်ပြီး ဗိုလ်ချုပ်တစ်ဦးက ဦးဆောင်ကာ ရုရှားပြန် တပ်မတော်သား ပညာရှင်တွေနဲ့ ကိုယ်ထူကိုယ်ထ ရှာဖွေလုပ်ဆောင်တာမျိုးတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း နအဖ အစိုးရဘက်ကနေ ယူရေနီယံ တွေ့ရှိတယ်လို့ တစ်ခါမှ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။
ဒါ့အပြင် ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ မြန်မာနိုင်ငံဟာ နျူစွမ်းအင်ထိန်းသိမ်းရေး အေဂျင်စီ(IAEA) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အဲ့နောက်မှာတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မိုးကုတ်မြို့နဲ့ ၃၅ မိုင် အကွာ ဖုန်ကန်ကျေးရွာ တဝိုက် သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကနေ ယူရေနီယံ ဒြပ်စင်ပါဝင်တယ်လို့ဆိုတဲ့ ကျောက်တုံးတွေကို ဦးတေဇက တစ်ပိဿာ ကျပ်သိန်း ၂၀၀ နှုန်းနဲ့ ကျပ် သိန်း ၅၀၀ ပေးကာ သုံးပိဿာခွဲ အထိ ဝယ်ယူခဲ့ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခဲ့ရာကနေ ယူရေနီယံ အရှုပ်တော်ပုံ ကြီးဖြစ်လာဖို့ အစပြုခဲ့ပါတယ်။
“ဒါက အစသဘောပဲ ရှိပါသေးတယ်။ပွင့်လင်းရာသီကျရင် Primary (အဓိက)ဖြစ်မဖြစ် ကျွန်တော်တို့ စမ်းပါမယ်။ ကျွန်တော်က ဒါကို National Security ( နိုင်ငံတော်အဆင့် လုံခြုံရေး) ကိစ္စ ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဘင်္ဂလားဒေရှ့်လို နိုင်ငံမျိုးကအစ ရန်စခံရတဲ့ ပုံစံမျိုးဖြစ်နေတာ။ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအတွက် National Security က အရမ်းအရေးကြီးပါတယ်” လို့ ထိုစဉ်ကာလက ယူရေနီယံဓာတ်သင့်ပါတယ်ဆိုတဲ့ အကြောင်းကို ၎င်းရဲ့နေအိမ် အတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲများ ဦးတေဇက ပြောကြားခဲ့ဖူးပါတယ်။
ဒီယူရေနီယံ ဒြပ်စင်ကို အသုံးပြုပြီး မြန်မာနိုင်ငံဟာ အင်အားကြီး အနောက်နိုင်ငံတွေလို နျူကလီးယား ဗုံးကဲ့သို့ နျူစွမ်းအင်သုံး လက်နက်တွေ ပိုင်ဆိုင်တဲ့အထိ လုပ်စေချင်တယ် လို့ ဦးတေဇ က ဆိုလိုချင်နေတာပါ။
သို့သော်လည်း ယင်းအချိန်ကာလတွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ ရွေးကောက်ပွဲကာလ မဲဆွယ်မှုတွေ အပြိုင်အဆိုင် လုပ်ခဲ့ကြချိန် ဖြစ်တာကြောင့် ပြည်သူလူထုအာရုံဟာ ဒီကိစ္စကြီးအပေါ် ခဏသာ ရောက်ရှိခဲ့ပါတယ်။
တိမ်မြုပ် သွားတဲ့ ဒီကိစ္စကြီး ဘာလိုပြန်ပေါ်လာသလဲ ?
ထိုစဉ်ကာလတွေ ကတည်းက ဦးတေဇရဲ့ ပြောကြားမှု အပြီး အမေရိကန် ၊ တရုတ် စတဲ့ အင်အားကြီးနိုင်ငံတွေဟာ ဒီကိစ္စကြီးအပေါ် အာရုံစိုက် စောင့်ကြည့်ခဲ့တာပါ။
ကမ္ဘာပေါ်က အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့တစ်ခုလို့ သတ်မှတ်ခံထားရတဲ့ အမေရိကန် အစိုးရလက်အောက်ရှိ Central Intelligence Agency (CIA) ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (DEA)က အသွင်ယူ ထောက်လှမ်းရေး အေးဂျင့်တစ်ဦးနဲ့ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် တစ်ဦး ချိတ်မိရာကနေ ကွင်းဆက် ပြန်ရခဲ့တာပါ။
တာကီရှီအီဘီဆာဝါ ဆိုတဲ့ ယာကူဇာခေါင်းဆောင်ဟာ မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုစီကနေ ရတဲ့ ယူရေနီယံဒြပ်စင်တွေကို အီရန်ထံရောင်းချလိုတာကြောင့် အဆက်အသွယ်ရှာရာကနေ အသွင်ယူထားတဲ့ DEA အေးဂျင့်ကို အီရန်ဗိုလ်ချုပ် အမှတ်နဲ့ သက်သေဓာတ်ပုံတွေ၊Video မှတ်တမ်းတွေနဲ့ တကွ ၂၀၂၀ ခုနှစ် မှား ပို့ခဲ့မိပါတယ်။
အီရန်ဗိုလ်ချုပ်အဖြစ် အသွင်ယူထားတဲ့ (DEA) အေးဂျင့်ဟာ ပိုသေချာအောင်လို့ “အီရန် က နျူလက်နက်တွေ လိုအပ်နေတယ်။ ဒီပစ္စည်း ဒြပ်စင်တွေကို နျူလက်နက် အတွက် သုံးလို့ရနိုင် မရနိုင်”သိချင်တယ်လို့ မေးမြန်းမှုကို ယာကူဇာ ခေါင်းဆောင် အီဘီဆာဝါက ‘’ကျွန်တော် ထင်တာပဲ။ သုံးလို့ရမယ်လို့ ထင်တယ်”လို့ ထိုစဉ်က ပြန်ဖြေခဲ့တာပါ။
နောက်ထပ် အသွင်ယူ အေးဂျင့်တစ်ဦး နဲ့ အီရန် ဗိုလ်ချုပ် အသွင်ယူ DEA အေးဂျင့်တို့ဟာ အီဘီဆာဝါနဲ့ တွေ့ဆုံပြီးနောက် အီဘီဆာဝါရဲ့ ပြန်လည်ပြောပြချက်အရ ဒီဒြပ်စင်တွေကို ရရှိခဲ့တာဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦး ကနေ နောက်ကွယ်မှာ ပါဝင်နေတဲ့အကြောင်းကို ၂၀၂၁ ခုနှစ် မှာ ၎င်းတို့ ထိုင်းနိုင်ငံတစ်နေရာမှာ တွေ့ဆုံမှု အတွင်းပြောကြားခဲ့ပါတယ်။
အဆိုပါ မြန်မာတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်က ဒီဒြပ်စင်တွေကို ပိုက်ဆံရဖို့အတွက်နဲ့ ဝေဟင်ပစ် ဒုံးတွေ၊ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ လက်နက်တွေ ဝယ်ယူတဲ့ဘက်မှာ အသုံးပြုချင်နေတာပါ။
နောက်ကွယ်က လက်မည်းကြီး ဘယ်သူပါလဲ ?
အမေရိကန်တရားရေးရာဌာန (US Justice Department)က ဂျပန်ယာကူဇာ ခေါင်းဆောင်ကို ဖမ်းဆီးအပြီး သူတို့ဆီ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အေးဂျင့်ရဲ့ ပြောကြားချက်အရ မြန်မာတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် (နာမည်ဝှက် CC-1)ဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS) ရဲ့ဥက္ကဌ အဖြစ် ဆောင်ရွက်နေသူလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သို့ပေမဲ့ ယခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အသစ်ထပ်မံ စွဲချက်တင်ခဲ့မှုမှာတော့ မြန်မာတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးလို့သာ သုံးနှုန်းခဲ့ပြီး ယခင်က ထုတ်ပြန်ခဲ့တဲ့ (နာမည်ဝှက် CC-1) ဆိုသူနဲ့ တူညီမှု ရှိခြင်း မရှိခြင်းကိုတော့ သီးခြား ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ ယူရေနီယမ် ဘယ်လောက် ထုတ်လုပ်နေနိုင်ပါသလဲ ?
အေးဂျင့်တွေနဲ့ အီဘီဆာဝါ တို့ ဗီဒီယိုကော ပြောဆိုခဲ့တဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံက လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးရဲ့ နယ်မြေအတွင်းမှာ ယူရေနီယမ် ကီလိုဂရမ် ထောင်ပေါင်းများစွာရှိနေပြီး “နျူကလီးယား ပစ္စည်း ၅တန် အထိ ထုတ်လုပ်နိုင်တယ်” လို့ အီဘီဆာဝါက ဆိုပါတယ်။
ဒီလိုတွေ့ဆုံပြောဆိုမှုတွေဟာ သူ့အတွက် အန္တရာယ်ရှိလာတော့မှာကို အီဘီဆာဝါ တစ်ယောက် ကြိုမသိခဲ့ပါဘူး။
ဂျပန် ယာကူဇာ ခေါင်းဆောင် ဘယ်လို ဖမ်းခံရသလဲ ?
လက်နက်နဲ့ ယူရေနီယံလဲလှယ်ရေးကိစ္စရပ်တွေ ကို ဆောင်ရွက်ဖို့ ဆက်လက် လုပ်ဆောင်နေချိန်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလထဲ ထိုင်းနိုင်ငံ တစ်နေရာမှာ အီဘီဆာဝါနဲ့ ကြံရာပါ ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရပြီးတဲ့နောက် အီဘီဆာဝါဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခို ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။
အဲ့ဒီနောက် ဘရွတ်ကလင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကမှ အမေရိကန် တရားရုံးက နျူဓာတ်သတ္တုပစ္စည်းတွေ ရောင်းချရန် ကြိုးပမ်းမှုနဲ့ စွဲချက် အသစ် တပ်တင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ရေး အမေရိကန် ဘက်က ကြိုးပမ်းနေဆဲပါ။
ဒီအရောင်းအဝယ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာတွေလဲ ?
“ဒီလိုမျိုး အရောင်းအဝယ်တွေသာ ဖြစ်မြောက်ခဲ့ရင် ဖြစ်လာမဲ့ အကျိုးဆက်များဟာ ကြောက်ဖို့ကောင်းပြီး အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ တည်ငြိမ်မှုတွေကို ဆိုးရွားစွာ ခြိမ်းခြောက်ခံရမှာဖြစ်တယ်”လို့ အမေရိကန်လက်ထောက် ရှေ့နေချုပ် မက်သရူး အိုဂိုလ်းဒန်း က CNN ကဲ့သို့သော နိုင်ငံတကာ သတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။
နျူလက်နက်တွေဟာ ပြင်းအားမြင့် လက်နက်တွေဖြစ်ပြီး ဂျပန်နိုင်ငံ ဟီရိုရှီးမားကို ကြဲချခဲ့တဲ့ အဏုမြူဗုံးက မြင်သာတဲ့သာဓက ဖြစ်ပါတယ်။
ခုချိန်ထိ ဟီရိုရှီးမားမှာ ရှိတဲ့ ဒေသခံတွေက မွေးလာတဲ့ ကလေးတွေမှာ ခြေလက်အင်္ဂါ မစုံလင်တာ၊ မျက်ကြည်လွှာ ထိခိုက်တာ ၊ တခြားသော ကိုယ်တွင်းအင်္ဂါ ထိခိုက်ပျက်စီးမှုတွေ ဆက်ရှိနေသေးပြီး စစ်ကြီးပြီးနောက် မျိုးရိုးစဉ်ဆက်အထိ ထိခိုက်မှုတွေကို ဗုံးဒဏ်နောက်ဆက်တွဲ ပြဿနာတွေအဖြစ် ခံစားနေရတယ်လို့ ဂျပန် ကျန်းမာရေးပညာရှင်တွေက ဆိုထားပါတယ် ။
ဒီလို ကြောက်မက်ဖွယ် နျူလက်နက်တွေကို ဘယ်လို ထိန်းချုပ်ရမလဲ ?
လက်ရှိ မြန်မာနိုင်ငံရဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ကဲ့သို့ ဒေသတွေမှာ တရုတ်နိုင်ငံဘက်က မြေရှားသတ္တုကို လာရောက် တူးဖော်မှုတွေဟာလည်း ရှိနေပြီး တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုတွေ ရှိနေပါတယ်။
လျှပ်စစ်မော်တော်ယာဉ် (EV) ကားတွေ ထုတ်လုပ်ရာမှာ အရေးပါတယ်လို့ ဆိုတဲ့ ဒိုင်စပရိုဆီယမ်(Dysprosium) အမျိုးအစားနဲ့ တာဘီယမ် (Terbium)အမျိုးအစား မြေရှားသတ္တု ဒြပ်စင် နှစ်မျိုးအပြင် တခြားသော ဒြပ်စင်တွေဟာလည်း ထွက်ရှိ နေပါသေးတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် မှ စတင်ကာ တရုတ်နိုင်ငံသို့ မြန်မာ့မြေရှားသတ္တုတင်ပို့မှုဟာ ပိုမိုမြင့်တက်လာခဲ့ပြီး တရုတ်အခွန်အကောက်ဦးစီးဌာန ရဲ့ ၂၀၂၃ ခုနှစ် အကောက်ခွန်စာရင်းအရ မြေရှားသတ္တုနှင့်ဆက်စပ်သတ္တုများ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိခဲ့ပါတယ်။
ဒါဟာ မနည်းလှတဲ့ တန်ဖိုးပမာဏ တစ်ခုပါ။
စစ်တပ်အာဏာမသိမ်းခင် ကာလများကတည်းက မပြေလည်ခဲ့တဲ့ ဒီပြဿနာကြီးဟာ စစ်ကောင်စီ အာဏာသိမ်းချိန် နိုင်ငံတွင်း ပဋိပက္ခများ ကြီးထွားလာချိန်မှာတော့ အဖြေမရှိတော့တဲ့ ပုစ္ဆာ တစ်ပုဒ် ဖြစ်သွားခဲ့ပါပြီ။
ဘယ်သူများ ဖြေရှင်းနိုင်ပါမလဲ။