၂၀၀၈ ခြေဥဖြင့်ရရှိသော ရာထူး အဆောင်အယောင်များအား ဖက်တွယ်နေသူများကို အာဏာမက်မောသူများဟု သတ်မှတ်ကြောင်း ဗကသအဖွဲ့ချုပ် ထုတ်ပြန်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခံစားခွင့်အာဏာနှင့် ပတ်သက်၍ သဘောထားတစ်ရပ် ထုတ်ပြန်ထားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ထံမှ သိရသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ပါ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ယင်းထုတ်ပြန်ချက်သည် တော်လှန်ရေးကို ရှေ့မရောက်စေပဲ နောက်ပြန်ဆွဲစေမည့် လုပ်ရပ်များ အချင်းချင်းသွေးကွဲမှုများအား ရန်သူမှ မလုပ်ပဲ မိတ်ဖက်အချင်းချင်း ပြုလုပ်နေကြသည့် လုပ်ရပ်များ မြင်တွေ့နေရသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
“၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပါပြီလို့ သူတို့ကိုယ်တိုင် ကြွေးကြော်ထားကြတယ်၊ အဲ့လူတွေကပဲ ၂၀၀၈ အခြေခံဥပဒေကပေးတဲ့အတိုင်း ငါက ဘာရာထူးကြီးကွ ငါကဘာကောင်ကြီးပဲကွ ဆိုတဲ့ ကြောင်သူတော်ကြွက်သူခိုးဆန်ဆန် လုပ်ရပ်တွေကို မြင်တွေ့နေရတဲ့အတွက် ဒီ statement (ထုတ်ပြန်ချက်) ကိုထုတ်ပြန်ရတာပါ” ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဌမှ CJ Platform သို့ပြောသည်။
ထို့အပြင် တော်လှန်ရေးတွင် အလုပ်မလုပ်ပဲ တော်လှန်ရေး တော်လှန်ရေးဟု ကြွေးကြော်ကာ တော်လှန်ရေးအား ခုတုန်းလုပ် အလွဲသုံးစားလုပ်နေသူများအား တော်လှန်ရေးမှ ကန်ထုတ် ရှင်းပစ်ဖို့ လိုအပ်ကာ မရှင်းထုတ်နိုင်ပါက တော်လှန်ရေးအား တစ်နည်းတစ်ဖုံ ထိခိုက်လာမည်ဖြစ်ကြောင်း ၎င်းမှဆိုသည်။
ယင်းအချက် ၃ ချက်ပါ ထုတ်ပြန်ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား စစ်အာဏာရှင်အလိုကျ စိတ်ကြိုက်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ လက်မခံဘဲ ဖျက်သိမ်းသည့် သဘောထားများ အတိအလင်းဖော်ပြပြီးဖြစ်သည်ဟု ယူဆသည့်အတွက် ၂၀၀၈ အခြေခံဥပဒေမှ ပေးသော အခွင့်အာဏာများအား ဖက်တွယ်နေသူများကို စစ်အာဏာရှင်များ၏ အလိုတူအလိုပါ အာဏာမက်မောသူများဟု သတ်မှတ်ကြောင်းထည့်သွင်းရေးထားပြီး NUG၊ CRPH နှင့် NUCC သို့လည်း မိတ္တူပေးပို့ထားသည်။
၂၀၀၈ ခြေဥအရ ရွေးကောက်ခံအမတ်များ၏ ကြားကာလအစီအမံနှင့် ကြားကာလဖွဲစည်းပုံပေါ်ပေါက်ရေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ဥပဒေကြမ်းအတည်ပြုခြင်းများ ရှိလာခဲ့သည့်အပေါ် ဒေသတွင်း နိုင်ငံရေးအင်အားစုများ တော်လှန်ရေးအင်အားစုများမှ ဝေဖန်ပြစ်တင်မှုများရှိနေခဲ့ပြီး တနင်္သာရီတိုင်းဒေသတွင် ပိုမိုကျယ်လောင်လျက်ရှိသည်။