၂နှစ်တာ ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမျိုးသမီးအရေအတွက် ၂၈၀၀ နီးပါးရှိပြီး၊ ၄၀၀ ကျော် သေဆုံးခဲ့

Author မွန်လေး
Categories
Published on Feb 07, 2023

 

၂ နှစ်တာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမျိုးသမီးအရေအတွက် ၂၈၀၀ နီးပါးရှိပြီး ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရသည့် အမျိုးသမီး စုစုပေါင်း ၂၇၇၈ ဦးထိရှိခဲ့ကာ၊ ရန်ကုန်တိုင်းတွင် ၇၅၈ ဦးဖြင့် အများဆုံး ဖြစ်ကာ၊ ကရင်နီပြည်နယ်တွင် ၉ ဦးဖြင့် အနည်းဆုံး ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းတွင် ၃၀၀ ဦးနှင့် မန္တလေးတိုင်းတွင် ၃၀၀ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း တို့တွင်လည်း အမျိုးသမီး ၂၀၀ ကျော်စီ ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက် အမျိုးသမီး ၂၀၀၀ ကျော်သည် သာမန်အရပ်သားပြည်သူများဖြစ်ပြီး၊ ပညာရေးဌာနမျ ၃၆၅ ဦး၊ ပါတီနိုင်ငံရေးတွင် တာ၀န်ထမ်းဆောင်နေသည့် တက်ကြွလှုပ်ရှားသူ ၉၂ ဦးနှင့် ကျန်းမာရေးကဏ္ဍတွင် ပါ၀င်လုပ်ကိုင်နေသူ ၅၁ ဦးပါ၀င်သည်။

ယင်းအပြင် အနုပညာရှင်၊ မီဒီယာ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ တရားစီရင်ရေးကဏ္ဍ၊ လွှတ်တော်ကိုယ်စားလှယ် အပါအ၀င် ၁၀ ဦးကျော်သည် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

စာရင်းပြုစုချက်များအရ စစ်ကောင်စီအာဏာသိမ်းရန်ကြိုးပမ်းသည့် ၂ နှစ်တာကာလအတွင်း သေဆုံးခဲ့သည့် အမျိုးသမီးဦးရေ ၄၁၄ ဦးရှိခဲ့ကာ၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ကိန်းဂဏန်းအရ ၁၀၇ ဦးဖြင့် အများဆုံးဖြစ်သည်ဟု မြန်မာအမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

ကျေးရွာများသို့ စစ်ကောင်စီတပ်များ၀င်ရောက်စီးနင်းစဉ် ပစ်ခတ်ခြင်းကြောင့် သေဆုံးသူ အမျိုးသမီးဦးရေ ၇၈ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၂၆ ဦးရှိနေကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသည့် အမျိုးသမီးများမှာလည်း ၅၃ ဦးထိရှိနေကာ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ် ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် သေဆုံးသူ အမျိုးသမီးဦးရေ ၂၀ ကျော်အထိရှိနေပြီး၊ စစ်တပ် တပ်ဖွဲ့၀င်များမှ မုဒိမ်းကျင့် မှုကြောင့် သေဆုံးခဲ့သူ ၁၃ ဦးအထိရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြန်မာ့အမျိုးသမီးသမဂ္ဂ