၁ လေးလုံးသပိတ်၊ ၁၀၂၇ နှင့် ၁၁၀၇ စစ်ဆင်ရေးတို့ကို ကြိုဆိုသည့်အနေဖြင့် ရန်ကုန်တွင် ဖောက်ခွဲမှု နှစ်ကြိမ်ဆက်ပြုလုပ်

Author အိုင်လာ
Categories
Published on Nov 11, 2023

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာဂီလမ်း၊ တရားရုံးအနောက်ရှိ ဥပဒေရုံးကို ရန်ကုန် UG ပူးပေါင်းအဖွဲ့က ယမန်နေ့ညပိုင်းက ပြင်းထန်ဗုံးများဖြင့် ဖောက်ခွဲမှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ထို UG ပူးပေါင်းအဖွဲ့အတွင်းပါဝင်ခဲ့သည့် UG ရဲဘော်တစ်ဦးက CJ Platform သို့ ပြောသည်။

“ညပွဲကတာ တစ်လေးလုံး(၁၁၁၁)လူထုလှုပ်ရှားမှု အောင်သပြေညိုသပိတ်ရယ်၊ ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေးနဲ့ ကရင်နီပြည်နယ် ၁၁၀၇ စစ်ဆင်ရေးတို့အား ရန်ကုန်တိုင်း UG တွေအနေနဲ့ ထောက်ခံကြိုဆိုကြောင်းကို ပြသချင်တယ်။ အခုဖြစ်နေတဲ့စစ်ဆင်ရေးတွေနဲ့အတူ ရန်ကုန်မှာလည်း စစ်ရေးဖော်ဆောင်မှုတွေကို အခက်အခဲတွေကြားထဲက မရမက ဆက်လက်ဖော်ဆောင်သွားမှာ” ဟု ၎င်းက ပြောသည်။

ထိုမစ်ရှင်ကို နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီ ၅ မိနစ်တွင် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၈ နာရီ ၁၇ မိနစ်တွင် ထပ်မံ၍ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်ရှိ UG ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဖောက်ခွဲတိုက်ခိုက်မှုများအပြီး မြောက်ဥက္ကလာပမြို့နယ် စခန်း(၉)မှ ရဲတပ်သားများနှင့် စစ်ကောင်စီတပ်သားများက အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့‌သော်လည်း UG ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုမစ်ရှင်ကို Anonymous Fighters Force(AFF)၊ Freeland Attack Force(FLA)နှင့် Emerald Girls Army(EGA)အဖွဲ့တို့မှ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် နိုဝင်ဘာ ၁၁ ရက် တစ်လေးလုံး(၁၁၁၁)လူထုလှုပ်ရှားမှုအောင်သပြေညိုသပိတ်တွင် အွန်လိုင်း၊ မြေပြင် အားလုံးပါ၀င်ပေးကြရန် ရန်ကုန် UG အဖွဲ့‌များက တိုက်တွန်းပြောဆိုသည်။