၁ နှစ် ခွဲကြာ လွတ်လပ်ခွင့်ရခဲ့သည့် ဆေးခြောက်သုံးစွဲခွင့် ထိုင်းတွင် ဆက်လက်ရရှိရန် မသေချာတော့

Author လင်းနွေဦး
Categories
Published on Jan 11, 2024

ထိုင်းနိုင်ငံတွင် တရားဝင်သုံးစွဲခွင့် ပြုထားသည့် ဆေးခြောက်လွပ်လပ်ခွင့် ဥပဒေအား ပြန်လည်ကန့်သတ်ကာ ထိန်းချုပ်မည့် ဥပဒေသစ်တစ်ရပ် ပြဌာန်းရန် ထိုင်းအစိုးရအာဏာပိုင်များမှ လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း နိုင်ငံတကာသင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာန ၏ တရားဝင် ထုတ်ပြန်မှုအရ ဥပဒေမှုကြမ်းသစ်တွင် ဆေးခြောက်သုံးစွဲမှုအတွက် ပြင်းထန်သော ဒဏ်ငွေ ဖြစ်စေ သို့မဟုတ် ထောင်ဒဏ် တစ်နှစ် ဖြစ်စေ ၊ နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ကနဦး သိရှိရကြောင်း CNN သတင်းမီဒီယာတွင် ဖော်ပြသည်။

 

ထိုင်းနိုင်ငံသည်  ဆေးခြောက်သုံးစွဲမှု လွတ်လပ်ခွင့် တရားဝင်မှုအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဂျွန်လမှ စတင်ကာ အရှေ့တောင်အာရှနိုင်ငံများအတွင်း ပထမဆုံးရရှိခဲ့သည့် နိုင်ငံဖြစ်ခဲ့ပြီးနောက် ယခုအခါ ပြန်လည် ပြင်ဆင်မှုများလုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

 

ထိုင်းဝန်ကြီးချုပ် ဆရပ်သာ သာဗက်ဆင် (Srettha Thavisin)က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွင်း ဆေးခြောက်သုံးစွဲခွင့်အား ပြုပြုင်ရေးများ လုပ်ဆောင်မည်ဟု ကတိပေးပြောကြားခဲ့ဖူးပြီးနောက် ယခု နှစ်စပိုင်း ထွက်ပေါ်လာသော ဥပဒေမူကြမ်းသစ်တွင် ဆေးခြောက် နှင့် ဆေးခြောက်ဆက်စပ် ပစ္စည်းများကို ဆေးပညာနှင့် ကျန်းမာရေးကိစ္စရပ်များတွင်သာ သုံးစွဲရမည်ဟူသော အချက်များ ပါဝင်ခဲ့သည်။

 

ထိုင်းဝန်ကြီးချုပ်ကမူ ဖြေဆိုခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် အပန်းဖြေရေးအတွက် ဆေးခြောက်သောက်သုံးသည့် ခေါင်းစဉ်အောက်မှ ရမ်းကား၍ ဆေးလွန်မှုများ ရှိလာပြီး “၎င်း ကိစ္စရပ်သည် ထိုင်းနိုင်ငံအတွက် ပြဿနာကြီး တစ်ရပ်ဖြစ်နေသည်”ဟု ပြောဆိုခဲ့ဖူးပြီး ပထမဆုံး ပြင်ဆင်ရေး ဥပဒေမူကြမ်းအား ပြီးခဲ့သည့် ၂၀၂၃  နိုဝင်ဘာ ၌ လွှတ်တော်တွင် တင်ပြခဲ့ရာ ပယ်ချခံခဲ့ရသည်။

 

ယခင်က ဖြေလျော့ထားသည့် ဥပဒေများအရ ထိုင်းနိုင်ငံတွင် ဆေးခြောက်သုံးစွဲခွင့်ပြုသည်ဟု  တရားဝင် ထုတ်ပြန်ထားသော်လည်း လူမြင်ကွင်း နေရာများတွင် သုံးစွဲခြင်းသည် တရားမဝင်လုပ်ရပ်ဟု သတ်မှတ်ထားပြီး ယခု အသစ် ပြဌာန်းမည့် ဥပဒေအရ ဆေးခြောက် နှင့် ဆက်စပ်ပစ္စည်းများအား ကြော်ငြာခြင်း နှင့် စီးပွားရေး အရောင်း ကန်ပိန်းများ ပြုလုပ်ခွင့်ကိုပါ ပိတ်ပင်တားဆီးသွားမည်ဟု Bangkok Post တွင် ရေးသားထားသည်။

 

အထက်ပါ ပြုပြင်ရေး ဥပဒေမူကြမ်း မထွက်ပေါ် လာခင် ထိုင်းကျန်းမာရေး ဝန်ကြီးဟောင်း ဖြစ်သူ အနျူတင် ချနရီရာကူ  Anutin Charnvirakul မှ လည်း “ထိုင်းနိုင်ငံရဲ့ ဆေးခြောက် ဥပဒေဟာ ကျန်းမာရေးကိစ္စ ရပ်များဘက်ကို ဦးစားပေး ပြောင်းလဲ သွားဖို့ရှိပြီး အပန်းဖြေရေး ခေါင်းစဉ်အောက်က ဆေးခြောက်သုံးစွဲမှု ဆိုတာက လူတွေအားမပေးဖို့  ထပ်စဉ်းစားတော့မှာ ဖြစ်ပါတယ်။ သုံးစွဲသူနဲ့ မစွဲသူတွေကြားက တစ်ဦးနှင့်တစ်ဦး စိတ်အနှောင့်အယှက် မပေးစေဖို့ ရည်ရွယ်ပါတယ်” ဟု CNN သို့ ပြောကြားခဲ့ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွင်း တိုးတက်အောင်မြင်မှုနှုန်းမြင့်သော နိုင်ငံတစ်ခုတွင် ပါဝင်နေကာ အနီးရှိ တရုတ်နိုင်ငံ ဟောင်ကောင် တွင် စိတ်မကြွစေသည့် ဆေးခြောက်ဆက်စပ် ဆေးဝါးများသည်ပင် ဥပဒေနှင့် မလွတ်ကင်းခြင်း၊ စင်င်္ကာပူနိုင်ငံတွင် လည်း ၎င်းတို့၏ နိုင်ငံသားများ ထိုင်းသို့ အလည်အပတ် သွားရောက်ပြီးနောက်  ဆေးခြောက်သုံးစွဲခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့်မပေးခြင်း စသည်ဖြင့် တင်းကြပ်မှုများ ရှိနေချိန်တွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ တရားဝင် သုံးစွဲခွင့်ရရှိခြင်းကြောင့် အခြားအာရှနိုင်ငံများရှိ လူငယ်များ၏ အားကျမှုခံရသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။

 

ဓာတ်ပုံ – CNN

 

ပုံစာညွှန်း – ထိုင်းနိုင်ငံ ပတ္တယားရှိ ဆေးခြောက် ရောင်းချသည့် ဆိုင်ငယ်တစ်ခုအား တွေ့ရစဉ်