၁၂ နှစ် အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ဘွမ်ရေဘွမ့် ပွိုင့် ၇၇၁ စခန်းကို KIA စစ်ဦးစီးချုပ်နှင့် ဦးရည်မွန်တို့ သွားရောက်စစ်ဆေး

Author လင်းနွေဦး
Categories
Published on Mar 21, 2024

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် အမှတ်(၁)စစ်ဒေသမှူး ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ ကချင်‌ဒေသရှိ တော်လှန်ရေး အင်အားစုများ ပြန်လည်သိမ်းပိုက်ရရှိထားသည့် ဘွမ်ရေဘွမ့် (Bumre Bum)စခန်းကို ယမန်နေ့ မတ်လ ၂၀ ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

 

ဘွမ်ရေဘွမ့် စခန်းကုန်း(ခေါ်) စစ်ကောင်စီ၏ ရှေ့တန်းအမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း ခံစစ်စခန်းကုန်းကို စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် KIA ထံမှ သိမ်းပိုက်ရရှိခဲ့သည်။

လိုင်ဇာဒေသရှိ KIA ဌာနချုပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်နိုင်သည့် အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသည့် ၎င်းစခန်းကုန်းကို စစ်ကောင်စီမှ သိမ်းပိုက်ရရှိပြီးနောက် မြန်မာအမည် ရန်အောင်နိုင်ကုန်းဟု ပြင်ဆင်ခေါ်ဝေါ်ခဲ့ကြသည်။

 

KIA ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များက မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းကြောင့် ဆယ်စုနှစ် တစ်ခုကျော် ၁၂ နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအပြီးအတွင် ဟောင်ဝပ်ဇာ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ပုံများအတွင်း တွေ့ရသည်။

 

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေးဆွဲထားသည့် မြေပုံညွှန်းများကိုလည်း မြင်တွေ့နိုင်ပြီး ၎င်းမြေပုံညွှန်းများအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နေအိမ်အပါအဝင် KIA လက်အောက်ခံ ဗိုလ်သင်တန်းကျောင်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်မည့် အကွာအဝေး စကေး အတိအကျများဖြင့် ရည်ညွှန်းရေးဆွဲထားသည်ကို မြင်တွေ့နိုင်သည်။

မတ်လ ၇ ရက်နေ့က စတင်သည့် ကချင်ပြည် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီစခန်း ၃၀ ကျော်ကို KIA နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လိုင်ဇာဒေသအနီး နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။