၁၁.၁၁ စစ်ဆင်ရေး ၇ ရက်အတွင်း KNPLF တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

Author ခေတ်နီ
Categories
Published on Nov 17, 2023

ကရင်နီပြည်အတွင်း လက်ရှိ ကရင်နီတပ်ပေါင်းစုများမှဖော်ဆောင်နေသည့် ၁၁.၁၁ စစ်ဆင်ရေး ၇ ရက်အတွင်း တပ်ဖွဲ့ဝင်သုံးဦးအထိကျဆုံးခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)မှ ထုတ်ပြန်သည်။

ကျဆုံးခဲ့သည့်တပ်ဖွဲ့ဝင်များသည် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မှုး ရဲဘော်ရွှေအေး၊ ရဲဘော် သိန်းရွှေတို့ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်စဥ် စစ်ကောင်စီတပ်မှတိုက် လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ကျဆုံးသွားကြခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်းတို့၏စျာပနာအခမ်းအနားကို နိုဝင်ဘာလ (၁၅)နှင့် (၁၆)ရက်နေ့တွင် ပြုလုပ်ပေးခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

Operation 1111 အမည်ရသည့် စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ ကရင်နီတပ်ပေါင်းစုများဖြစ်သည့် KNPLF၊ KA၊ KNDF၊ DMO Local PDF၊ အလယ်ပိုင်းတိုင်း PDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီး နန်းမယ်ခုံ၊ ဒီမော့ဆို၊ လွိုင်ကော်မြို့နယ်တို့ရှိစစ်ကောင်စီတပ်၏ စခန်းကြီးငယ်ပေါင်း(၇)ခုအပြင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများကိုပါဖမ်းဆီးရမိထားသည်။

 

အဆိုပါတိုက်ပွဲများသည် စစ်ဆင်ရေး ၇ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၁၇ ရက်အထိ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများအပြင် ၎င်းတို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကရင်နီဒေသအတွင်း ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၅၀ ဦးအထိ သေဆုံးခဲ့ပြီးဖြစ်သည်။