၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်ဆက် တိုက်ပွဲဝင်နေ၊ နောင်ချိုရှိ စစ်တပ်ကို ဆက်လက်တိုက်ခိုက်
မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များ၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်မြောက်ရှိလာပြီဖြစ်သော်လည်း ဆက်လက်ဆင်နွှဲနေဆဲဖြစ်သည်။
ယနေ့ နံနက် ၉ နာရီခွဲခန့်က ရှမ်းမြောက် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး (၁၂) ရက်မြောက်နေ့ကလည်း မြောက်ပိုင်းမဟာမိတ်တပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့က ရှီးရှမ်းဒေသ၊ တာရွှေထန်ရှိ စစ်ကောင်စီလက်အောက်ခံ(၁၁)စခန်းကို နံနက် ၆ နာရီခန့်တွင် ထိုးစစ်ဆင်ခဲ့ပြီးနောက် နာရီဝက်အတွင်း ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာအနီးရှိ ကျင်စန်းတောင်အောက်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ထို့နောက် ကိုးကန့်တပ်သည် နံနက် ၇ နာရီခန့်တွင် တုန်းရှမ်းဒေသ၊ ပန်းဝါရှိ စစ်ကောင်စီစခန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် နာရီဝက်ခန့်အကြာ၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၁ နာရီခွဲတွင် ရန်သူစစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသော မုံးကိုးဗျူဟာကုန်းကို ဒရုန်းဖြင့် စတင်ထိုးစစ်ဆင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် MNDAA နှင့် မုံးကိုးလုံခြုံရေးတပ်ဖွဲ့တို့ အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ (၅) ရက်နေ့ကတည်း (၃) ရက်တိုင်တိုင် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပြီး ထိုစခန်းမှ အရပ်သားများကို အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ပြုလေ့ရှိသည့် ဟောင်ဝီဇာအမြောက် (၂)လက်ကို သိမ်းဆည်းရမိခဲ့သည့်အပြင် EE-9 သံချပ်ကာကားကြီး (၁) စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ညီနောင်အဖွဲ့က ဆိုသည်။
ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့တွင် စစ်ကောင်စီအတွက် အရေးပါသော မုံးကိုးဗျူဟာစခန်းကုန်းအပါအဝင် စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သံချပ်ကာ ကားတစ်စီးနှင့် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့က မြောက်ပိုင်းအဖွဲ့သိမ်းပိုက်ထားသည့် တာရွှေထန်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး လောက်ကိုင်မြို့အနီးတွင်လည်း ယမန်နေ့ညနေပိုင်းက ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်ြအပြင် ညီနောင်အဖွဲ့များ၏ စစ်ဆင်ရေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သော လောက်ကိုင်ဒေသပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။
ထို့ပြင် မြောက်ပိုင်းညီနောင်အဖွဲ့တစ်ခုဖြစ်သော ရခိုင့်တပ်တော် AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။