၁၀၂၇ စစ်ဆင်ရေး (၁၂)ရက် အတွင်း စခန်းပေါင်း (၁၅၀) ဝန်းကျင်၊ သံချပ်ကာကား(၆) စီးနှင့် ဟောင်ဝှစ်ဇာ လက်နက်ကြီးများကိုပါ သိမ်းနိုင်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့ဆို

Author အဂ္ဂ
Categories
Published on Nov 08, 2023

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ (၂၇) မှ နိုဝင်ဘာ (၇) အထိ စစ်ဆင်ရေးကာလ (၁၂) ရက်တာအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း စုစုပေါင်း (၁၅၀) ဝန်းကျင်၊ သံချပ်ကာကား (၆) စီးနဲ့ ဟောင်ဝှစ်ဇာလက်နက်ကြီးများစတဲ့ လက်နက်ကြီးတွေကိုပါ သိမ်းဆည်းရမိတယ်လို့ ညီနောင်သုံးဖွဲ့က ဒီကနေ့မှာပဲ ထုတ်ပြန်ပါတယ်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းယူနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲမှာဆိုရင် စစ်သေနင်္ဂဗျူဟာအရ အရေးပါတဲ့ ဗျူဟာကုန်း၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်း၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်း နဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မနေ့က (နိုဝင်ဘာ ၇) လည်း စစ်ကောင်တပ်စခန်းအချို့ သိမ်းယူနိုင်ခဲ့ပြီး အဲ့ဒီ တပ်စခန်းတွေဟာ ကိုးကန့် တုန်ရှမ်းဒေသ၊ ဟုန်ရှင်းဒေသ၊ ဗုံးကိုးဒေသ ဗုံးကိုး ဗျူဟာကုန်း၊ မူပန် (သိန္နီ) ခရိုင် ဟိုပင်ကျေးရွာအုပ်စု၊ မိုင်းပေါ်ဒေသက တပ်စခန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်အနီးဝန်းကျင်မှာတော့ တအာင်းတပ်မတော် (TNLA) နဲ့ MDY PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိခဲ့ပြီး  စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်တွေမှာတော့ ရက္ခိုင့်တပ်တော် (AA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တပ်တွေက တိုက်ပွဲတွေဆက်လက်ဖော်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။