၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်နေ့တွင် တင့်ကားလေးစီးနှင့် စစ်ကောင်စီ တပ်စခန်း ၁၃ခုထိ သိမ်းပိုက်နိုင်ခဲ့ မိနစ် (၇၀)တိုင်းတွင် စစ်ကောင်စီမှ စစ်စခန်းတစ်ခုစီ လက်လွှတ်ခဲ့ရ

Author အဂ္ဂ
Categories
Published on Oct 31, 2023

၁၀၂၇ စစ်ဆင်ရေး လေးရက်မြောက်နေ့ဖြစ်တဲ့ မနေ့က (အောက်ဆိုဘာ ၃၀) တစ်ရက်တည်း အတွင်းမှာပဲ WMA-301 လက်နက်ကြီး တပ်ဆင်ထားတဲ့ တင့်ကားလေးစီးနဲ့ တပ်စခန်း (၁၃) ခု ကို ညီနောင် မဟာမိတ်တပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ The Kokang ‌ရဲ့ ရေးသားချက်အရ သိရပါတယ်။

အောက်တိုဘာ (၂၇) ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီတပ်စခန်း အကြီး၊ အသေး၊ ယာယီတပ်စခန်းတွေကို တဖြုတ်ဖြုတ်သိမ်းလာတာဖြစ်တဲ့အတွက် မနေ့က သိမ်းယူနိုင်ခဲ့တဲ့ စခန်း (၁၃) ခု အပါအဝင် လေးရက်တာအတွင်း သိမ်းယူနိုင်ခဲ့တဲ့ တပ်စခန်းပေါင်း (၈၀) ကျော်အထိ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်တပ်တွေ မနေ့က သိမ်းယူခဲ့တဲ့ တပ်စခန်းတွေဟာ မူပန် (သိန္နီ)၊ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသ၊ မုံးကိုး၊ မန်ယန်၊ ဖောင်းဆိုင်နဲ့ ကွမ်လွန် တကြောက တပ်စခန်းတွေဖြစ်ပြီး မန်ယန်၊ ဖောင်းဆိုင်ဒေသက စစ်ကောင်စီ တပ်စခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

တင့်ကားလေးစီး၊ တပ်စခန်း (၁၃) ခုအပြင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းခံလိုက်ရပြီး အထိနာနေတဲ့ စစ်ကောင်စီဘက်ကလည်း အောက်တိုဘာ (၃၀) ရက် မနက်ပိုင်း ၉နာရီ၂၂မိနစ် နဲ့ ညနေ ၄နာရီ၁၁မိနစ် တို့မှာ မန်ယန်နဲ့ ဖောင်းဆိုင်ကြားမှာရှိတဲ့ လုံးဖိုင်၊ လုံကျန်းနဲ့ ဖောင်းဆိုင်တောင်ကုန်းတွေကို တိုက်လေယာဉ်နဲ့ လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မဟာမိတ်ညီနောင်တပ်ဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်ဖွဲ့ဟာ အောက်တိုဘာ (၂၉) ရက်နေ့တုန်းကလည်း WMA-301 လက်နက်ကြီး တပ်ဆင်ထားတဲ့ တင့်ကားတစ်စီး သိမ်းဆည်းနိုင်ခဲ့သလို ဖောင်းဆိုင်နှင့် လုံးဖိုင်ဒေမှာ တင့်ကား(၂) စီး နဲ့ ချင်းရွှေဟော် မာကျတိပေါက်ပေါက်တောင်ကုန်း (ရာဘာတောင်ကုန်း) မှာ တင့်ကား(၂) စီး စုစုပေါင်း တင့်ကား (၄) စီးကို ဖျက်ဆီးသိမ်းဆည်းနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ တင့်ကားနဲ့ သံချပ်ကာ ကားစုစုပေါင်း (၅) စီး သိမ်းဆည်းရရှိထားသလို စစ်ကောင်စီဘက်က သံချပ်ကာတပ်ရင်း (၇၄) က ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူး နှစ်ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ အောက်တိုဘာလ ၃၁ရက်နေ့မှာလည်း စစ်ကောင်စီတပ်ရဲ့ မိုင်းပါးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ မိုင်းပါးတပ်စခန်းဟာ လားရှိုးနဲ့ သိန္နီကြားမှာရှိပြီးတော့ စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပေမယ့် စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ခုခံခြင်းမရှိဘဲ စခန်းကို စွန့်ခွာထွက်ပြေးသွားကြတာပါ။

 

၁၀၂၇စစ်ဆင်ရေးရဲ့  နောက်ထပ်အောင်မြင်မှုအဖြစ် KIA နဲ့ AA ပူးပေါင်းအဖွဲ့က မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကန်တောင်ယန်(ဂန်‌ဒေါင်ယန်) စခန်း ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီရဲ့ ၃၈၇ တပ်ရင်းမှူး သေဆုံးခဲ့သလို စစ်လက်နက်ပစ္စည်းတွေ အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေသလို အခြားသော တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ဖို့ ညီနောင်မဟာမိတ်အဖွဲ့က တိုက်တွန်းထားပါသေးတယ်။

 

“ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့်ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးလေး နက်နက် တိုက်တွန်းလိုက်ပါသည်” လို့ ညီနောင်သုံးဖွဲ့က တိုက်တွန်းထားပါတယ်။

 

အောက်တိုဘာလ ၂၇ရက်နေ့ မနက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ လေးရက်တာကာလ ကြာမြင့်လာချိန်မှာတော့ စစ်ကောင်စီဟာ စခန်းပေါင်း ၈၀ကျော်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ မိနစ် ၇၀နီးပါးတိုင်းမှာ စခန်းတစ်ခုကို လက်လွှတ်နေရပါပြီ။