၁၀၂၇ စစ်ဆင်ရေး စတင်ရာ ချင်းရွှေဟော်သို့ ဒေသခံစစ်ရှောင်များ ပြန်ဝင်လာဟု MNDAA ဆို

Author အဂ္ဂ
Categories
Published on Oct 31, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ရာ ချင်း‌ရွှေဟော်မြို့သို့ ဒေသခံ စစ်ဘေးရှောင်များ ပြန်လည်ဝင်ရောက် နေထိုင်နေပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA ကထုတ်ပြန်သည်။

 

ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပထမဆုံးထိန်းချုပ်နိုင်ခဲ့သော တရုတ်-မြန်မာနယ်စပ်က ချင်းရွှေဟော်မြို့ထဲသို့ စစ်ရှောင်များ ပြန်ဝင်လာပြီး မြို့ကို သန့်ရှင်းရေးလုပ်နေကြပြီဟု MNDAA က ဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ချင်းရွှေဟော်မြိုတဝိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်များက မြို့တဝိုက်က စခန်းကုန်း တစ်ခုပြီး တစ်ခုသိမ်းနိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်တွင် စစ်ကောင်စီတပ်သားများ မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြသည့်အတွက် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ပွဲစတင်ကတည်းက ညီနောင်မဟာမိတ်တပ်တွေက လုံခြုံရာသို့ ပို့ဆောင်ပေးထားသည်ဟုဆိုသည့် စစ်ဘေးရှောင်များသည် ယခုအခါ မဟာမိတ်တပ်များ၏ ကူညီမှုနှင့်အတူ မြို့တွင်းသို့ တဖွဲဖွဲ ပြန်လည်ဝင်ရောက်လာပြီး အိမ်၊ ခြံနှင့် လမ်းများကို သန့်ရှင်းရေးလုပ်နေကြပြီဖြစ်‌ကြောင်း MNDAA ဘက်က ဆိုသည်။

 

မဟာမိတ်တပ်သားများကလည်း ယင်းမြို့လမ်းများကို သန့်ရှင်းရေးလုပ်နေကြပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ချင်းရွှေဟော်မြို့နှင့် အနီးတဝိုက်မှာ တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း မြို့ကို ကြီးကြီးမားမား ပျက်စီးမှုမဖြစ်စေရန် မဟာမိတ်တပ်များက ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

လျှပ်စစ်မီးအခြေအနေနှင့်ပတ်သက်ပြီး “အခုလောလောဆယ်တော့ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို စစ်ဆေးမှုတွေ လုပ်ရဦးမှာပါ။ အခုထိတော့ လျှပ်စစ်မီးတွေ ပြတ်တောက်နေတုန်းပါပဲ။ နောက်တစ်ဆင့်ကတော့ ဒီလျှပ်စစ်ပြဿနာကိုဖြေရှင်းဖို့ လျှပ်စစ်မီးပြန်လည်လျှောက်ထားမှုတွေ လုပ်တာမျိုးတော့ ပြန်လုပ်ရမှာပါလို့” ချင်းရွှေဟော်ဒေသကော်မတီ အတွင်းဝန် Wang ၏ပြောကြားချက်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

 

အခုလက်ရှိမှာတော့ ချင်းရွှေဟော်မြို့အနီးတဝိုက်တွင် တိုက်ပွဲများငြိမ်သက်နေကြောင်း အတွင်းဝန် Wang ၏ ပြောကြားချက်အရ သိရသည်။

 

ယမန်နေ့ အောက်တိုဘာ ၃၀ ရက် ညနေ ၆ နာရီဝန်းကျင်က ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖောင်းဆိုင်မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်လိုက်နိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။