၁၀၂၇ စစ်ဆင်ရေးအဖြစ် လားရှိုးတွင် တအောင်းတပ်များဆက်လက်ဆင်နွှဲ၊ လက်နက်အချို့သိမ်းဆည်းရမိ

Author CJ Platform
Categories
Published on Nov 23, 2023

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ၂၈ ရက်မြောက်နေ့ စစ်ဆင်ရေးအဖြစ် တအောင်းအမျိုးသားတပ်မတော်(PSLF/TNLA)အနေဖြင့် ဆက်လက်ဆင်နွှဲလျက်ရှိသည်။

 

ထိုသို့စစ်ဆင်ရေးအဖြစ် TNLA နှင့် တိုက်ပွဲဖြစ်ပွားနေသော လားရှိုးမြို့နယ်၊ နမ့်တွန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ထံသို့ သိန္နီမြို့ဘက်မှ စစ်ကူလာသော စစ်သားများကို တအာင်းတပ်မတော်က ယနေ့ နို၀င်ဘာလ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ရာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တအောင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

 

ထို့ပြင်  ယနေ့ နံနက် ၆ နာရီခန့်တွင် လားရှိုးမြို့နယ် စစ်ကောင်စီလက်အောက်ခံ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော်က တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ပွားရာ မိုင်းကျက်သို့ Y12 ယာဉ်ဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲချခဲ့သည့်အပြင် Jet Fighter ဖြင့် (၅)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နို၀င်ဘာလ ၂၂ ည ၉ နာရီမှ နံနက် ၂ နာရီအထိ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းသစ်ကုန်းတွင်‌ MiG-29/YAK-130 လေယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ဆိုပါက ၂၈ ရက်တိုင်ခဲ့ပြီဖြစ်ပြီး ယမန်နေ့အထိ ရှမ်းမြောက်‌သရှိ စစ်ကောင်စီ စခန်းကြီး၊ ငယ် ၂၁၀ ကျော်အထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး မြို့ ၈ မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။