၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြောင့် လားရှိုးစစ်ရှောင် ၃၀၀၀ ကျော်ထိရှိလာ

Author ခေတ်နီ
Categories
Published on Oct 28, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့ခိုလှုံနေရကြောင်း စစ်ရှောင်အရေးလုပ်ဆောင်သူများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MMDAA၊ AA၊ TNLA တို့မှ ၁၀၂၇ စစ်ဆင်ရေးကြေညာပြီးနောက်ပိုင်း လားရှိုးမြို့နယ်အပါအဝင် ရှမ်းမြောက်ရှိ နေရာအနှံ့တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲများကြောင့် လားရှိုးမြို့နယ်ရှိ မက်ခိနု၊ ကောင်းဖြိုနှင့် ဟိုနမ့်ကျေးရွာများအပါအဝင် ကျေးရွာ ၅ ရွာကျော်မှ ဒေသခံ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေးလုပ်ဆောင်သူများက ဆိုသည်။

“သူတို့က အခုလောလောဆယ် ကုန်းသာဘုန်းကြီးကျောင်းရယ်၊ မန်ဆူရှမ်းကျောင်းရယ်၊ ဟိုပိတ်ဘုန်းကြီးကျောင်းတွေမှာရယ်ရှောင်နေကြတယ်။ မန်ဆူကျောင်းက စစ်ရှောင်တွေက သိပ်ပြီးမပူရဘူးပေါ့။ တကယ်ပူရမှာက မိုင်းတိမ်နဲ့ကုန်းသာကလူတွေပေါ့။ အတော်စိုးရိမ်ရတယ်။ အဲဒီက လူတွေက ဒီဘက်က ကူမယ့်သူတွေလည်း သွားကူလို့မရဘူး။ သူတို့ကြားထဲ ညှပ်ထားသလိုဖြစ်နေတာ” ဟု အဆိုပါစစ်ရှောင်များကို ကူညီနေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင်အဆိုပါစစ်ဘေးရှောင်များအတွက် ဆေးဝါး၊ စားနပ်ရိက္ခာကဲ့သို့ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်း မြောက်ပိုင်းညီနောင်အဖွဲ့နှင့် စစ်ကောင်စီတပ်များကြား ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ညကလည်း နှစ်ဖက်အပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကာ ထိုပစ်ခတ်မှုများကြောင့် မိုင်းတိမ်ကျေးရွာရှိနေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။