၁၀၂၇ စစ်ဆင်ရေးကို အပြည့်အဝထောက်ခံကြောင်း NUCC ဆို

Published on Oct 31, 2023

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) အနေဖြင့် Operation 1027 ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူ ဝမ်းမြောက်အားတက်စွာ ဂုဏ်ပြုကြိုဆိုလျက်ရှိကြောင်း ယနေ့တွင် ထုတ်ပြန်သည်။

အထူးဒေသ(၁) စစ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် အိတ်ဖွင့်ပေးစာနှင့် ညီနောင်မဟာမိတ်အဖွဲ့တို့၏ ထုတ်ပြန်ချက်များကို NUCC အနေဖြင့် အသေးစိတ်လေ့လာ သုံးသပ်ခဲ့ပြီး အပြည့်အဝသဘောတူ ထောက်ခံကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ၌ စတင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ ညီနောင်မဟာမိတ်အင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့ပါဝင်သည့် စစ်ဆင်ရေး ၁၀၂၇ နှင့်ပတ်သက်၍ NUCC အနေဖြင့် ထုတ်ပြန်ချက်အတွင်းတွင် စစ်ဆင်ရေးသည် ရက်ပိုင်းအတွင်း၌ပင် ရှမ်းမြောက်ဒေသရှိ အရေးပါသော မြို့ရွာများ၊ စစ်ကောင်စီ ခြေကုပ်ယူထားသည့် တပ်စခန်းများနှင့် အချက်အချာကျသော စစ်ရေးပစ်မှတ်များစွာကို တပြိုင်နက် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ရှေ့ဆက်ထိုးစစ်ဆင် တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိသည်ဟု သိရကြောင်း NUCC ၏ ထုတ်ပြန်ချက်က ဆိုသည်။

တိုင်းရင်းသား လူမျိုးစုတစ်ရပ်လုံး၏ ဘုံရန်သူ စစ်ကောင်စီနှင့် ၎င်းတို့လက်ပါးစေများထံမှ လက်နက်ခဲယမ်း အမြောက်အမြားသိမ်းဆည်းရမိပြီး သုံ့ပန်းများ ဖမ်းဆီးရမိကာ တော်လှန်ရေးတပ်များထံ အလင်းဝင်အညံ့ခံလာသည့် စစ်ကောင်စီတပ်သားများရှိသည်ဟု သိရကြောင်း ကြေညာချက်တွင်း ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေး ရည်ရွယ်ချက်များမှာ NUCC မှ လိုက်နာကျင့်သုံးနေသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်းများနှင့် မြန်မာ့နွေဦးတော်လှန်ရေး ရည်မှန်းချက်များနှင့် ကိုက်ညီသည်ဟု NUCC က ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် NUCC ၏ ထုတ်ချက်အတွင်း တရုတ်နိုင်ငံကိုလည်း အိမ်နီးချင်း ချစ်ကြည်မှုအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု ပါဝင်သည်။

ထို့နောက် ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးအတွင်းပါဝင်သည့် တရားမဝင် အွန်လိုင်းအခြေပြု လောင်းကစားများ(ကျာဖြန့်)၊ ရာဇဝတ်မှုများ ပပျောက်ရေးတို့သည်လည်း နယ်စပ် တရားဥပဒေစိုးမိုးရေး အခြေခံလုပ်ငန်းများဖြစ်၍ အလေးအနက်ထောက်ခံသည်ဟု ဆိုသည်။

စစ် (၃) စစ်ကို အမြစ်ဖြတ်နိုင်ရန်၊ အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်နိုင်ရန် နိုင်ငံတဝန်းရှိ မတူကွဲပြားသည့် တည်ရှိမှုများ ကိုင်စွဲထားသည့် တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေး ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးအား NUCC အနေဖြင့် အပြည့်အဝသဘောတူ ကြိုဆိုပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ အချိန်မနှောင်းမီ နီးစပ်ရာ တော်လှန်ရေးအင်အားစုများထံ လက်နက်ချ အလင်းဝင်ပူးပေါင်းရန်၊ စစ်ကောင်စီကို သစ္စာဆက်ခံနေသူများကိုလည် ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း NUCC က ဆိုသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း တစ်လှိုင်းပြီး တစ်လှိုင်း အရှိန်မြင့်လာသည့် နွေဦးတော်လှန်ရေးတွင် မိမိတတ်နိုင်သည့် နည်းများဖြင့် ဆက်လက်ပါဝင်ရန်၊ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပံ့ပိုးရန်နှင့် လက်နက်မဲ့လူထုတိုက်ပွဲများတွင်း ပါဝင်အားဖြည့်ရန် တိုက်တွန်းနှိုးဆော်ကြောင်း သိရသည်။

CJ Platform ၏ စာရင်းပြုထာမှုအရ ၁၀၂၇ စစ်ဆင်ရေးကာလ လေးရက်အတွင်း မြောက်ပိုင်းအဖွဲ့များအနေဖြင့် စစ်ကောင်စီစခန်း ၇၀ ကျော်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။