၀မ်းနည်းဖွယ်ဖြစ်ရပ်ကို ခွန်အားယူပြီး စစ်အာဏာရှင် တွန်းလှန်ရေးအား အရှိန်မြှင့်သွားမည်ဟု KIO ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 25, 2022

၀မ်းနည်းဖွယ်ဖြစ်ရပ်ကို ခွန်အားယူပြီး စစ်အာဏာရှင် တွန်းလှန်ရေးအား အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း Kachin Independence Organization(KIO) က ယနေ့တွင် ထုတ်ပြန်ထားသည်။

လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် စွဲကိုင်ထားသည့် မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ ဖိနှိပ်ချုပ်ချယ်ထားသည့် ဘ၀မှ ပြည်သူများလွတ်မြောက်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်မှာ ၆၂ နှစ်မြောက်ပြည့်ပြီဖြစ်ကြောင်း၊ အနန့်ပါတွင် နှစ်ပတ် လည်နေ့ကို ကြိုဆိုသည့် အစီအစဉ်များပြုလုပ်နေစဉ် အောက်တိုဘာ ၂၃ ရက်၌ စစ်ကောင်စီက လေယာဉ် ၃စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အနန့်ပါသည် KIA တပ်စခန်းမဟုတ်ပဲ ခရီးသွားများ အနားယူကြသည့် စျေးဆိုင်တန်း စခန်းငယ်နေရာဖြစ်သည်ကို စစ်ကောင်စီတပ်က သိရှိထားသော်လည်း လူအစုလိုက် အပြုံလိုက်သေကြေရန် ရည်ရွယ်ချက် ဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူများနှင့် KIO အမှုထမ်းများစွာ ထိခိုက်သေဆုံးခဲ့သည်ဟု KIO ကထုတ်ပြန်ထားသည်။

ယခုလုပ်ရပ်အား အာဏာရှင်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် ရွံရှာဖွယ် လုပ်ရပ်ကို ဖိနှိပ်ခဲ့ပြည်သူများ၏ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင် ထားရန် KIO ကတိုက်တွန်းထားသည်။

အာဏာရှင် စစ်ကောင်စီ၏ တိုက်ခိုက်မှုတွင် အသက် ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် အနုပညာရှင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များ၊ အရပ်သားပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး၊ အသက်ဆုံးရှုံးသွားကြသူများ၏ ကျန်ရစ်သူ မိသားစု၀င်များ၊ ဆွေမျိုးသားချင်းများနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရကြောင်း KIO ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်ကြောင့် ၀မ်းနည်းပူဆွေးထိတ်လန့်နေသူများကို အားပေးစကားပြောကြားသည့် သူများ၊ ၀မ်းနည်းကြောင်း သ၀ဏ် လွှာပေးပို့သည့်အဖွဲ့အစည်းများ၊ သဘောထားထုတ်ပြန်သည့် အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပြီး၊ ၀မ်းနည်းဖွယ်ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီအား တွန်းလှန်သည့် တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမည်ဟု KIOက ထုတ်ပြန်ထားသည်။

Related News

Depend on news