၀က်လက်မြို့နယ် ပကဖ မှ အာဏာအလွဲသုံးစားမှု ပြုလုပ်နေသည့်အတွက် ယင်းလုပ်ရပ်များကို အရေးယူရန် Local PDF ၃၉ ဖွဲ့က NUG ကိုတောင်းဆို

Author လင်းခိုင်
Categories
Published on Dec 01, 2022

၀က်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အာဏာအလွဲသုံးစားမှုများ ပြုလုပ်နေသည့်အတွက် ယင်းလုပ်ရပ်များကို အရေးယူရန် Local PDF ၃၉ ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရကို တောင်းဆိုကြောင်း နို၀င်ဘာ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။

၀က်လက်မြို့နယ် ပကဖနှင့် ၀က်လက်မြို့နယ် တပ်ရင်း ၂ သည် ယခုနှစ် သြဂုတ် ၃၁ ရက်က ဗိုလ်ကျားကြီးအဖွဲ့အား ဆက်ကြေးကောက်သည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးရန် ကြိုးစားခဲ့ရုံသာမက ဥပဒေမဲ့သတ်ဖြတ်ရန် ကြိုးစားခဲ့မှုများကို မျက်မြင်သက်သေ ပြည်သူများ၏ ထွက်ဆိုချက်အရ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် သိရှိခဲ့သည်ဟု ဆိုသည်။

၀က်လက်မြို့နယ် တပ်ရင်း ၂သည် အာဏာရှင်အား တိုက်ခိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၀က်လက်မြို့နယ် ပကဖ၏ ပုဂ္ဂိုလ်ရေးအငြိုးအတေးဖြင့် ၀က်လက် ဗိုလ်ကျားကြီးအဖွဲ့အပေါ် ရာဇ၀တ်မှုကျူးလွန်ခဲ့သည့် အပြင် ဗိုလ်ကျားကြီးကို ထောက်ခံသူများအား အကြမ်းဖက်အားပေးသူအဖြစ် သတ်မှတ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၀က်လက်မြို့နယ် ပကဖ သည် အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် တာ၀န်ကို ကျော်လွန်ပြီး အာဏာအလွဲသုံးစားနေသည့်အတွက် ယခုကဲ့သို့ လုပ်ရပ်များကို ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များက ရှုတ်ချရုံသာမက နောက်နောင်တွင် ဗိုလ်ကျားကြီးအဖွဲ့ ကြုံတွေ့လာရမည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ထုတ်ပြန်ချက်၌ အသိပေးထားသည်။

ယခုကဲ့သို့ နောက်ကျောဓားထိုးပြီး ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းမနာလို မုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းကို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သက်ဆိုင်ရာ တာ၀န်ရှိသူများ မြေပြင်တွင် အမှန်တရားကို ဥပေက္ခာမပြုဘဲ နစ်နာသူများကို ငဲ့ညှာသောအားဖြင့် မတရားလုပ်ရပ်ကို အရေးယူရန်နှင့် အကာအကွယ်မဲ့သူများကို ကာကွယ်ပေးရန် Local PDF ၃၉ ဖွဲ့က တောင်းဆိုထားသည်။

၀က်လက်မြို့နယ် ပကဖ မှ ကျူးလွန်ထားသည့် သက်သေများကို NUG အစိုးရသို့ အကြောင်းကြား အသိပေးထားကြောင်း၊ မြေပြင်တွင် ၀က်လက်ဒေသခံပြည်သူများသည် ၀က်လက်မြို့နယ် ပကဖ နှင့် ၀က်လက်မြို့နယ် တပ်ရင်း ၂ တို့နှင့် နေထိုင်ရသည်မှာ ကျီးလန့်ဆန်စားဖြစ်နေကြောင်း၊ ထို့ကြောင့် ဗိုလ်ကျားကြီးအဖွဲ့အတွက် အမှန်တရား ပေါ်ပေါက်စေပြီး တရားမျှတမှုရရှိစေရန် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဝက်လက် #PDF #ဗိုလ်ကျားကြီး