၀က်လက်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူကို ကယ်ထုတ်ပေးသည့် PDF တစ်ဦးနှင့် ဒေသခံနှစ်ဦး ညှဉ်းပန်းသ-တ်ဖြတ်ခံရ

Author လင်းခိုင်
Categories
Published on Oct 10, 2022

၀က်လက်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများကို ကယ်ထုတ် ပေးသည့် BlackWolf-PDF မှ စနိုက်ဘာ ရဲဘော် တစ်ဦးနှင့်၊ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း BlackWolf-PDF က ယနေ့ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာသို့ စစ်ကောင်စီသည်ဂျက်လေယာဉ်နှစ်စီး၊ ရဟင်ယာဉ်လေးစီးဖြင့် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ရွာသူ၊ ရွာသားများပိတ်မိနေသည့်အတွက် BlackWolf-PDF အဖွဲ့သည် မဟာမိတ်များနှင့် ပူးပေါင်းပြီး ရွာသူ၊ ရွာသားများကိုကယ်ထုတ်ခဲ့ရာ အောက်တိုဘာ ၈ရက် ညနေ ၆နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ သာလွန်အင်အားအပြင် လေကြောင်း အသုံးပြုမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပြီး BlackWolf-PDF မှ စနိုက်ဘာရဲဘော်နှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် အောက်တိုဘာ ၉ရက်တွင် အဆိုပါရဲဘော်အား တောနင်းရှာဖွေရာ လည်းပင်ပြတ်ရှဒဏ်ရာ၊ ဂုတ်ပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်ကျော ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်ကို တွေ့ရှိခဲ့ပြီး ပြည်သူနှစ်ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့သည်ဟု BlackWolf -PDF က ထုတ်ပြန်ထားသည်။

၀က်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာနှင့် ဘုရားလေးကုန်းရွာတို့ စစ်ကောင်စီတပ်များသည် လေကြောင်းပစ်ကူနှင့် မြေပြင်စစ်ကြောင်းများဖြင့် အောက်တိုဘာ ၈ရက်နှင့် ၉ရက်နေ့များတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူအများအပြားသေဆုံးခဲ့ပြီး၊ လက်ရှိတွင် အနီးအနားရွာများကို စစ်ကောင်စီတပ်များက ၀င်ရောက် သောင်းကျန်းလျက် ရှိသည်။

NUG မှ လေယာဥ်ပစ်လက်နက်ရရှိပြီဟုပြောကြားခြင်းနှင့် ထိုးစစ်တိုးမြှင့်မည်ဟုပြောဆိုမှုများပြုလုပ်ပြီနောက် အညာဒေသတွင် စစ်ကောင်စီက လေကြောင်းပစ်ကူကိုအဓိကထားပြီး မြေပြင်စီးနင်းမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။