၀က်လက်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ဌာနဆိုင်ရာနေရာအချို့ကို PDF များ ထိန်းချုပ် စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Jan 25, 2023

 

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့တွင် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်နေပြီး၊ ဌာနဆိုင်ရာ အချို့ကို ဒေသခံ PDF များထိန်းချုပ်ထားနိုင်ပြီး၊ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ People’s Army to Fight Dicatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

People’s Army to Fight Dicatorship တပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်သော PDF တပ်ပေါင်းစုများသည် ၀က်လက်မြို့ ဌာနဆိုင်ရာများနှင့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ ယနေ့အထိ တိုက်ခိုက်နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ၂၀ ရက်ကနေစပြီးတိုက်တာ၊ အခုအချိန်ကို ဆက်လက် တိုက်နေဆဲဖြစ်ပါတယ်။ အဲ့ဒီပတ်၀န်းကျင်မှာ နေရာယူထားဆဲဖြစ်ပါတယ်။ ဌာနဆိုင်ရာ တော်တော်များများ သိမ်းထားတယ်။ ပစ္စည်းတွေရထားတာလဲရှိတယ်။ အချက်အလက်တွေ ရထားတာလဲရှိတယ်”ဟု ဗိုလ်တေဇက ပြောကြားသည်။

လက်ရှိတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်လို့ မရသေးကြောင်း၊ တိုက်ပွဲဖော်ဆောင်နေမှုကို ပြည်သူများအား အသိပေးခြင်းဖြစ်ကြောင်း ယင်းက ဆက်လက် ရှင်းပြသည်။

ထိုကဲ့သို့ PDF မဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်မှုကြောင့် စစ်သား၊ ရဲနှင့် ပျူစောထီး ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း သိရသည်။

ယခုစစ်ဆင်ရေးအား People’s Army to Fight Dicatorship၊ ပျံလွှားအဖွဲ့ တပ်စိတ် ၁၊ ခွပ်ဒေါင်းအဖွဲ့ တပ်စိတ် ၂၊ ဇာမဏီအဖွဲ့ တပ်စိတ် ၃ ၊ ငရဲမီးအဖွဲ့ တပ်စိတ် ၄ နှင့် DKPDF-MMU တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- People’s Army to Fight Dicatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ဝက်လက်မြို့