၀က်လက်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရ

Author မင်းထက်
Categories
Published on Oct 13, 2023

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် လှတောရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်နှင့် စျေးဆိုင်ခန်းများလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းပြန်ကြားရေးနှင့် အထွေထွေထောက်ပို့တာ၀န်ခံ ကိုကြယ်လေးက CJ Platform သို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၁၀ ရက်နေ့ က စစ်ကောင်စီ တပ်သားနှင့် ရဲများနေထိုင်သည့်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များဝင်ရောက်တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၁၁ ရက် နံနက် ၁ နာရီခွဲခန့်က လှတောစခန်းမှ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“စခန်းကို ၀င်ပစ်တဲ့ညက လှတောခွေးခြံကနေ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ လှတောရွာထဲက အမျိုးသမီးတစ်ဦး ပေါင်ထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးကတော့ လက်ကို ထိမှန်ခဲ့ပါတယ်” ဟု ယင်းအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အောက်တို ၁၁ ရက် နံနက် ၈ နာရီ၀န်းကျင်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောရွာ ရဲစခန်းမှ ထွက်သွားသော စစ်သားများသည် ပြည်သူပိုင် နေအိမ် ၃ လုံး၊ လက်ဖက်ရည်ဆိုင် ၂ ဆိုင်၊ ဈေးတန်းမှ ဆိုင်ခန်း ၅ ခန်းတို့ကို မီးရှို့ ဖျက်စီးပြီးနောက် ရွှေဘိုမြို့ထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခဲ့မှုကြောင့် ဝက်လက်မြို့နယ် လှတောရွာနှင့်အနီးတစ်ဝိုက်မှ ဒေသခံပြည်သူများ မိုးထဲရေထဲထွက်‌ပြေးတိမ်းရှောင်ခဲ့ကြရသော်လည်း စစ်ကောင်စီတပ်သားများမရှိတော့သည့်အတွက် ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ကျေးရွာအတွင်း ပြန်လည်၀င်ရောက်နေထိုင်‌နေကြပြီဖြစ်ကြောင်း သိရသည်။