ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ပြန်လည်လွတ်မြောက်

Author စကားဝါ
Categories
Published on Jan 04, 2024

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ပုသိမ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပုသိမ်မြို့ နိုင်ငံရေးအင်အားစုများထံမှ သိရသည်။

 

စစ်ကောင်စီသည် အာဏာသိမ်းယူပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌတို့အား ပုသိမ်မြို့တောင်ပေါ်လမ်းရှိ အစိုးရအဖွဲ့အိမ်ယာအတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အခြားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာလှမြတ်သွေးကိုမူ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်ကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် စစ်ကောင်စီမှ တရားစွဲဆိုကာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဟုတ်တယ် အန်တီပြန်လွတ်တယ်ကြားတယ်၊ ကျန်တာတွေတော့ မသိသေးဘူး”ဟု ပုသိမ်မြို့ခံ တစ်ဦးကပြောသည်။

 

ဒေါက်တာလှမြတ်သွေးသည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ်မှ အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် တစ်ဦးတည်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အတွင်း ပြည်သူ့အကျိုးပြု မေးခွန်းပေါင်းများစွာကို တင်ခဲ့သူဖြစ်သည်။

 

၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် မဲဆန္ဒနယ်မှ ထပ်မံရွေးချယ်ခံရပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

 

ဒေါက်တာလှမြတ်သွေးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအနက် တစ်ဦးတည်းသော ဝန်ကြီးအဖြစ် စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။