ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်အမိန့်ချ

Author ကိုပေါက်
Categories
Published on Jan 30, 2023

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ယနေ့နက်ပိုင်းက ပုသိမ်အကျဥ်းထောင်ရှိ စစ်ကောင်စီ၏ အထူးတရားရုံးမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။

“သူက ပုသိမ်ထောင်ကိုရောက်တာ နှစ်ကုန်ပိုင်းက ရောက်တာ အရင်ကဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေမဲ့ သူ့ကို
မလွှတ်ဘူး ထောင်ကိုခေါ်လာတာ CDM တွေလှုံဆော်တယ်ဆိုပြီး ထောင်ချတာ”ဟု အကျဉ်ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကောင်စီမှ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌတို့ကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့သော်လည်း ဒေါက်တာလှမြတ်သွေးကို ပြန်လွှတ်ပေးတာမရှိဘဲ ပုသိမ်ထောင်သို့ ပြောင်းရွေ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“သူ့ကို ပြန်လွှတ်ပေးမယ်ထင်ကြတာ နောက်တော့မှ ပုသိမ်ထောင်ကို ပို့လိုက်တယ်ဆိုတာသိတာ သူ့ကို CDM ကြေညာချက်ကြောင့် အခုလိုအမိန့်ချတာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါက်တာလှမြတ်သွေးသည် NLD ပါတီကိုယ်စားပြုပြီး ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့်၂၀၂၀ ခုနှစ်တွင် ရေကြည်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ သုံးကြိမ်တိုင် အနိူင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်အစိုးရသက်တမ်းမှာ လူမှုရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဧရာဝတီတိုင်း #ဒေါက်တာလှမြတ်သွေး