ဦးဝီရသူ သီရိပျံချီဘွဲ့ရလို့ အရက်သောက်အောင်ပွဲခံသည့် ဦးဇင်းတစ်ပါး အဖမ်းခံရ

Author ကိုပေါက်
Categories
Published on Nov 21, 2022

ဗဟန်း​မြို့နယ်တွင် ကျိုက္ကစံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လူငယ်တစ်ဦးနှင့် အရက်အတူတူသောက်နေသည့် ဦးဇင်းတစ်ပါးကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဦးဝီရသူ တပည့်ဖြစ်နေ၍ ခံဝန်ထိုးပြီး ပြန်လွှတ်လိုက်သည်ဟု မြို့ခံတွေဆီက သိရသည်။

ကျိုက္ကစံရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ညပိုင်းက ရဲသတင်းပေးတစ်ဦးကြောင့် စစ်ကောင်စီတပ်က အရက်ထိုင်သောက်နေသည့် အမျိုးသားတစ်ဦးနှင့် ဦးဇင်းတစ်ပါးကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က မိသွားတော့ သူက ဦးဝီရသူ သီရိပျံချီဘွဲ့ရလို့ ဝမ်းသာပြီး သောက်တာတဲ့ ပြန်ပြီး အာပတ်ဖြေလို့ရတယ်ဆိုပြီး လုပ်တယ် စစ်တပ်က ဆက်သွယ်ကြည့်တော့ ဟုတ်နေလို့ သံဃာတော်တွေဆီ အပ်လိုက်တယ်”ဟု ပြောသည်။

ဖမ်းဆီးခံရသည့်ဦးဇင်းမှာ ရှင်နန္ဒပုညဖြစ်ပြီး တပ်ထောက်ခံပွဲများတွင် ပါဝင်သည့် ဦးဇင်းတစ်ပါးဖြစ်ပြီး ဦးဝီရသူနှင့် ရင်းနှီးသည့် တပည့်တစ်ဦးလည်းဖြစ်သည်ဟု သာသနာရေးဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ပြောလို့လဲမကောင်းဘူး လူနဲ့တွဲပြီးအရက်သောက်တာ အဆင်မပြေဘူး စစ်တပ်က လွှတ်ပေးတယ်ဆိုတော့ မကောင်းဘူး”ဟု ပြောသည်။

ဖမ်းဆီးရမိသူ ရှင်နန္ဒပုညကို စစ်ကောင်စီတပ်များမှ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (ရန်ကုန်)ကို အပ်နှံလိုက်သည်ဟု သာသနာရေးဦးစီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။

ပြီးခဲ့သည့်လကလည်း မြဝတီမြို့နယ်တွင် အရက်မူးနေသည့် မျိုးချစ်ဦးဇင်းတစ်ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။