ဦးရွှေမန်းပါတီ ဖျက်သိမ်းရန် လုပ်ဆောင်နေချိန် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ နေပြည်တော်၌ ရုံးခန်းဖွင့်လှစ်

Author လင်းခိုင်
Categories
Published on Oct 13, 2022

သူရဦးရွှေမန်း၏ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းရန် လုပ်ဆောင်နေချိန် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် နေပြည်တော်၌ ရုံးခန်းဖွင့်လှစ်ရန် လုပ်ဆောင်နေကြာင်းသိရသည်။

ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်လိုခြင်းမရှိဟုဆိုကာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ကို ဖျက်သိမ်းရန် အောက်တိုဘာ ၁၁ရက်တွင် တင်ပြထားပြီး၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် အောက်တိုဘာ ၁၅ရက်၌ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် အယောင်ပြ ရွေးကောက်ပွဲသည် ယင်းတို့၏ နိုင်ငံရေး ထွက်ပေါက်တစ်ခုအဖြစ် လုပ်ဆောင်ခြင်းသာဖြစ်သဖြင့် ဆန့်ကျင်ရန် နိုင်ငံရေးအသိုင်းအဝိုင်းများက ကန့်ကွက်နေကြသော်လည်း ဦးကိုကိုကြီး၏ ပြည်သူ့ပါတီက ၀င်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက စစ်ကောင်စီကို နိုင်ငံရေး ထွက်ပေါက်မရှိအောင်လုပ်ထားရန်နှင့် ၂၀၂၃ ရွေးကောက်ပွဲလုပ်မည့် အပေါ် လက်တွေ့ကျကျတုံ့ပြန်ပြီး ယင်းရွေးကောက်ပွဲကို ဆန့်ကျင်မည်ဟု ပြောကြားထားသည်။

ဦးကိုကိုကြီးသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် ၂၀၂၁ မေလတွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီးနောက် ပါတီတွင်းအကွဲအပြဲများဖြစ်ကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် ၂၀ဦးရှိသည့်အနက် ခုနှစ်ဦးသည် နှုတ်ထွက်ခဲ့သည်။

ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ၁၅၂ ဦးနှင့် ၀င်ရောက်ယှဉ်ပြိုင်ပြီး ဦးကိုကိုကြီးသည် တောင်ဥက္ကလာမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သော်လည်း အနိုင်ရရှိခဲ့ခြင်းမရှိပေ။

ပြည်သူ့ပါတီအား ရှစ်လေးလုံးအရေးတော်ပုံတွင် ပါ၀င်သူများအနက် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သော်လည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆက်ဆံသည့်အတွက် ပြည်သူများအကြား ဝေဖန်မြှင့်တက်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

တိုင်းပြည် မတည်မငြိမ်အကျပ်အတည်းများကြောင့် စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲသည် ဖင်မနိုင်ပဲ ပဲကြီးဟင်းစားနေသည့် ပုံစံမျိုးအဖြစ် စစ်အာဏာသိမ်းမှုကို ထောက်ခံနေသည့် သူများက ရှုမြင်နေကြသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲအပေါ် အာဏာသိမ်းမှုအား ထောက်ခံသူများ၏ အမြင်အား အောက်ပါ သတင်းတွင် ဆက်စပ်ဖတ်ရှု့နိုင်ပါသည်။
https://www.facebook.com/cjplatformburma/posts/pfbid02JNVYv3KZZFz5bH2rWH5kn3xzcHcPqboaUYNwcpk91FmxwSS82ihKjtm25zpQ8NGAl