အောင်မြင်မှုနှင့် ထိုက်တန်သည့် ပြည်သူများအတွက် အောင်မြင်မှု ဆောင်ကြဉ်းပေးနိုင်မည့် အစိုးရဖြစ်ရန် လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Dec 27, 2022

အောင်မြင်မှုနှင့် ထိုက်တန်သည့် ပြည်သူများအတွက် အောင်မြင်မှု ဆောင်ကြဉ်းပေးနိုင်မည့် အစိုးရဖြစ်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ၀မ်းနည်းစရာပေါင်းများစွာ ဖြစ်စေခဲ့သည့် နှစ်တစ်နှစ်ဖြစ်သလို ပြည်သူများ၏ မဆုတ်မနစ် ဇွဲ၊ သတ္တိ၊ ခံနိုင်ရည်အားများဖြင့် တော်လှန်ရေး အင်အားစုများ ပေါင်းစည်း ကြိုးစားနိုင်မှုကို မှတ်ကျောက်တင်ရမည့် နှစ်တစ်နှစ်လည်းဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

“ ခုချိန်ကာလအထိ မဆုတ်မစနစ်ပဲ ဇွဲကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ပြည်သူတွေဖြစ်တယ်ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ပြည်သူတွေဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လည်း အောင်မြင်မှုနဲ့ ထိုက်တန်လွန်းတဲ့ ပြည်သူတွေအတွက် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ထိုက်တန်တဲ့ အစိုးရဖြစ်ဖို့ လိုပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် အစိုးရအဖွဲ့၀င်များ၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးအတွက် ရလဒ်ကောင်းထွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်ရန်လိုကြောင်း၊ စက်တင်ဘာလအစတွင် လာမည့် တစ်နှစ်တာကာလသည် တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဖြစ်စေရမည့် ဆိုသည့် ရည်မှန်းချက်ဖြင့် One Year Plan ကိုရေးဆွဲစတင်ခဲ့ကြောင်း၊ ယခု ဒီဇင်ဘာလသည် One Year Plan ၏ Phase 1 ပြီးဆုံးသည့် အချိန်လည်းဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

တော်လှန်ရေးသည် အသက်များ၊ ဘ၀များ ရင်းပြီး လုပ်ကိုင်နေရသည့်အတွက် ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်နှစ်တွင် ခွန်အားသစ်၊ စိတ်ကူးသစ် ထပ်တိုးပြီး ကြိုးပမ်းကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

ထို့ပြင် တော်လှန်ရေး အစိုးရဖြစ်သော်လည်း ကိစ္စရပ်တိုင်း တာ၀န်ယူမှု၊ တာ၀န်ခံမှု အပြည့်နှင့် ဆောင်ရွက်နေသည်ကို ပြည်သူများ လက်ခံယုံကြည်ရန်လိုအပ်ကြောင်း၊ ပြည်သူများ လှူဒါန်းထားသည့်ငွေကို တော်လှန်ရေးအတွက် အသုံးပြုနေရသည့်အတွက် ပြည်သူများ၏ ယုံကြည်မှု အလွန်အရေးကြီးကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

၂၀၂၃ ခုနှစ်သည် မြန်မာပြည်သူများအတွက် ကံကောင်းခြင်းများ ယူဆောင်လာမည့် နှစ်တစ်နှစ်ဖြစ်သည်ကို ယုံကြည်ကြောင်း၊ ကံဆိုသည်မှာ အလုပ်ဖြစ်သည့်အတွက် ညီညီညွတ်ညွတ်ဖြင့် ကြိုးစား လုပ်ဆောင်ပြီး ကံကောင်းခြင်းများ သယ်ဆောင်ပေးလာနိုင်မည့် တော်လှန်ရေးအစိုးရတစ်ရပ်အဖြစ် အားထုတ်ကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။