အုပ်စုအကျိုးစီးပွားအပေါ် ကျောက်ချနေမည်ဆိုပါက အားကောင်းသည့် လူထုတော်လှန်ရေး ဖြစ်လာမည်မဟုတ်ကြောင်း ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Oct 18, 2022

အုပ်စု အကျိုးစီးပွားအပေါ် ကျောက်ချနေမည်ဆိုပါက အားကောင်းသည့် လူထုတော်လှန်ရေးဖြစ်လာမည် မဟုတ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယာယီသမ္မတကက အားလုံးပါ၀င်ရေးမှုကို ကိုင်ဆွဲပြီး နွေဦးတော်လှန်ရေး၏ စစ်ရေးတပ်ပေါင်းစု မဟာမိတ်ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမည်ဟု ယူဆကြောင်း၊ စစ်ရေးပူးပေါင်း မဟာမိတ်လှုပ်ရှားမှုများကို လက်တွေ့ကျကျ လုပ်ရမည်ဟု ပြောကြားသည်။

မဟာမိတ်ဆက်ဆံရေးအား ရေတို အကျိုးစီးပွားကြည့်ပြီး လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်လိုအပ်ပြီး အုပ်စု အကျိုးစီးပွားအပေါ် ကျောက်ချနေမည်ဆိုပါက နွေဦးတော်လှန်ရေးသည် သေးငယ်ကာ ကြီးမားကျယ်ပြန့်ပြီး အားကောင်းသည့် လူထုတော်လှန်ရေးဖြစ်လာမည် မဟုတ်ကြောင်း၊ အဆိုပါအချက်ကို အမြင်ကျယ်ကျယ်ဖြင့် မဟာမိတ်တပ်ပေါင်းစု အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ထို့ပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်အခါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အုတ်မြစ်ချမည့် အမျိုးသားရေးအခြေခံမူဝါဒများကို ရှာဖွေဖော်ထုတ်ပြီး ယခုထဲက အုတ်မြစ်ချထားရန်လိုကြောင်း၊ အခြေခံမူသည် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဆန့်ကျင်စေမည့် ပြဌာန်းချက် မဖြစ်ရန် လိုအပ်ပြီး နိုင်ငံအတွင်းရှိ လူမျိုးအားလုံးကို လွှမ်းခြုံရန်လိုအပ်ကြောင်း ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၀င်များအားလုံး မူနှင့်လူတခြားစီ ကင်းလွတ်နေခြင်းမျိုး မဖြစ်အောင်သတိပြုရမည်ပြီး၊ လူထုတော်လှန်ရေးနှင့် ထိုက်တန်သည့် နိုင်ငံရေး လုပ်ဆောင်ချက်များ ဖြစ်ရန်လိုကြောင်း၊ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ရာတွင် ကျည်းမြောင်းသည့် နိုင်ငံရေးအမြင်ဖြင့် ငါတကောကော လုပ်ဆောင်တာမျိုးကို ရှောင်းရှာရန်လိုကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။