အုပ်ချုပ်ရေးမှူးအား ရှင်းလင်းရန်လာရှာသည့်အဖွဲ့ကို ရာအိမ်မှူးက မြေရောင်းရန် လာသည်ဟု ယူဆကာ ပွဲစားခရရှိရန် အိမ်လိုက်ပြခဲ့တာကြောင့် နှစ်ဦးစလုံးပစ်ခံရ

Author CJ Platform
Categories
Published on Sep 19, 2022

တောင်သာမြို့နယ် သာယာမြိုင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးကို ရှင်းလင်းရန်လာရှာသည့်အဖွဲ့ကိုရာအိမ်မှူးက မြေရောင်းရန်လာသည်ဟု ယူဆကာ ပွဲစားခရရှိရန် အိမ်လိုက်ပြပေးခဲ့တာကြောင့် နှစ်ဦးစလုံးပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။
သာယာမြိုင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်လာကာ အုပ်ချုပ်ရေးမှူးနေအိမ်အား မေးမြန်းရာ ရာအိမ်မှူးတစ်ဦးက နေအိမ်အထိ လိုက်ပြပေးခဲ့ခြင်း ဖြစ်သည်။
“အေး ညီလေး အစ်ကိုလိုက်ပြပေးမယ်ဆိုပြီး အုပ်ကြီးအိမ်ကို လိုက်ပြတာ သူ့စိတ်ထဲမှာ လယ်မြေရောင်းချမဲ့သူတွေထင်လို့နေမယ် ပွဲစားခရပြီဆိုပြီးအတွေးနဲ့ လိုက်ပို့တာဖြစ်မယ် ဟိုရောက်တော့ နှစ်ယောက်စလုံးပစ်သွားတာ”ဟု ရှင်းပြသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသူမှာ သာယာမြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းနှင့် ရာအိမ်မှူးဦးဝင်းစောတို့ ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“အုပ်ကြီးက ပွဲချင်းပြီးသေတယ် ရာအိမ်မှူးက ဆေးရုံရောက်မှ သေတာ အုပ်ကြီးအိမ်ကို လိုက်ပြလို့ သူ့မိသားစုတွေ ရာအိမ်မှူးကို ဒေါသတွေထွက်နေတယ် မသေခင်က”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် တောင်သာမြို့နယ် သာယာမြိုင်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။