အုတ်ဖို ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီစခန်းနှစ်ခုကို PDF များ တပြိုင်တည်း၀င်တိုက်၊ စစ်သား ၁၅ ဦးသေပြီး တစ်ဦး အရှင်ဖမ်းမိ

Author မင်းထက်
Categories
Published on Feb 12, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းက မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို ယမန်နေ့ ဖေဖော်၀ါရီ  ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်က PDF ပူးပေါင်းတပ်များက တပြိုင်နက်တည်း၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂  တပ်ခွဲ ၅ ပြန်ကြားရေး တာ၀န်ခံ ရဲဘော် ကိုရိုးမမြေက CJ Platform သို့ ပြောသည်။

 

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်း၍  နှစ်ဖွဲ့ခွဲပြီး သွားရောက်တိုက်ခိုက်ခဲ့သည့်တိုက်ပွဲသည် တစ်နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ၎င်းက ပြောသည်။

ရှင်းလင်းဆောင်စခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည့်အပြင် ဒုတပ်ကြပ်တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်သား ၂၀ ခန့် တပ်ဆွဲထားရာ တာဝါတိုင်စခန်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီတပ်သား သုံးဦး ရဲဘော်များ၏ပစ်ခတ်မှုကြောင့် နေရာတွင် လဲကျသေဆုံးသည့်အပြင် အများအပြား ဒဏ်ရာရရှိသွားကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့်တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

 

ဒုတပ်ကြပ်ကို MA3 လက်နက်နှင့်အတူဖမ်းမိခဲ့ပြီး ၎င်းသည် အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၃ )မှဖြစ်ကြောင်း၊ ကျန်တပ်များမှာ ဖရိုဖရဲဖြင့် တပ်ဆုတ်သွားသဖြင့် ရှင်းလင်းဆောင်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့မှ မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရသည်။

 

” ကျဆုံး ရဲဘော်က ၃၆၀၁ တပ်ရင်းကို ပြန်သယ်သွားပါတယ်။ စကစ ဒုတပ်ကြပ်က ဒဏ်ရာအပြင်းအထန်ရထားတာ မနေ့က ကျည်မှန်ထားတာ ခါးနဲ့ချက်နားမှာ။ သူ့အခြေအနေသိပ်မကောင်းဘူး။ မနေ့က သူ့ကိုအတတ်နိုင်ဆုံး ကုသပေးထားတယ်။ လက်ရှိတော့ ကျွန်တော်ရှေ့တန်းရောက်နေတော့ မသိဘူးဗျ” ဟု ပြန်ကြားရေးတာ၀န်ခံ ရဲဘော် ရိုးမမြေက ပြောသည်။

တစ်ဖက်တွင်လည်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော် တောင်တန်း ကျဆုံးခဲ့ကြောင်း သိရသည်။