အုတ်ဖိုမြို့နယ်အတွင်းရှိ စစ်ရှောင်များအတွက် လူသားစာနာမှု အကူညီများစွာ လိုအပ်နေ

Author Gold ၊ မင်းထက်
Categories
Published on Feb 06, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမအနီးရှိ အုတ်ဖိုမြို့နယ်တွင် စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ရှိကာ  လူသားစာနာအကူညီများ ဆက်လက်လိုအပ်နေကြောင်း အုတ်ဖို့မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာ၀န်ခံ (အုတ်ဖို ပကဖ) ကိုဇာမဏီက CJ Platform သို့ ပြောသည်။

 

လက်ရှိတွင် အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှ အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ကျော်သည် စစ်ကောင်စီတပ်ရန်ကြောင့် ကာကွယ်ရေးတပ်စခန်းများ၏ စောင့်ရှောက်မှုဖြင့် နေရာအနှံ့ နေထိုင်ရလျက်ရှိကြောင်း ၊ ၄င်းတို့နေထိုင်စားသောက်ရေးအတွက် ကာကွယ်ရေးရဲဘော်များက စီစဥ်ကူညီပေးထားသော်လည်း စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ချက်တွေ အများစွာရှိနေကြောင်း အုတ်ဖို့မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုဇာမဏီကပြောသည်။

 

စစ်ရှောင်ပြည်သူများထဲတွင်  ပန်းနာရင်ကြပ်၊ နှလုံးရောဂါရှိသူ၊ လေးဘက်နာရောဂါရှိသူများ ပါ၀င်ရုံသာမက သာမာန်ထိခိုက်ဒဏ်ရာ ရရှိထားသူများပါ ပါ၀င်လျက်ရှိနေသည်။ အနွေးထည် ၊ စောင် စသည်တို့ကို ယူဆောင်လာနိုင်ခြင်း မရှိခြင်းကြောင့် စစ်ရှောင်များအဖို့လည်း ရာသီဥတုအနေအထားအရ ချမ်းအေးလွန်းသော ရာသီဥတုဖြစ်သောကြောင့် ဒုက္ခရောက်နေကြရကြောင်း အထက်ပါတာ၀န်ရှိသူက ပြောသည်။

 

အုတ်ဖို ပကဖအနေဖြင့် လတ်တလောတွင် အမျိုးသမီးလစဥ်သုံး၊ ဆန်၊ ဆီ၊ဆား ရိက္ခာနှင့် လိုအပ်သည့် ဆေးဝါးများကို အလှူခံကာ ကူညီပေးထားကြောင်း ၊ ကျန်းမာရေး မကောင်းသူများကို ဆေးဘက်ဆိုင်ရာ ဆရာဝန်က ကြည့်ရှုကုသပေးပြီး လိုအပ်သော ဆေးဝါးများကိုလည်း ထောက်ပံ့ကူညီထားကြောင်း သိရသည်။

 

“ကျွန်တော်တို့က တတ်နိုင်သလောက် အလှူခံပြီး စီစဥ်ကူညီပေးပါတယ် ။ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်ချက်တွေ အများကြီးရှိနေပါတယ်ဗျ၊ လူသားစာနာဝန်ကြီးဌာနကို စာရင်းတင်ပြထားပါတယ်ဗျ၊ ဒါပေမဲ့ ခုချိန်ထိ တစ်စုံတစ်ရာ ကူညီချပေးထားတာတော့ မရှိပါဘူးခင်ဗျ” ဟု  အုတ်ဖို့မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာ၀န်ခံ ကိုဇာမဏီက ပြောသည်။

 

ထို့ပြင် စစ်ရှောင်ပြည်သူများအတွက် မြို့နယ် ဆေးဘက်ဆိုင်ရာတာဝန်ခံမှ  ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြအကူအညီတောင်းရန် ဆောင်ရွက်နေကြောင်း သိရသည်။

 

ထို့အပြင် စစ်ရှောင်များကို ကူညီစောင့်ရှောက်နေသော အုတ်ဖိုမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့၏ တာ၀န်ရှိသူတစ်ဦးက ရိက္ခာအခက်အခဲရှိပြီး တပ်တွင်းရိက္ခာများကို စစ်ဘေးရှောင်များကို ထောက်ပံ့နေရသောကြောင့် ဆန်အခက်အခဲရှိနေကြောင်း ၊ ဆေးဝါးအနေဖြင့် လိုအပ်ချက်မရှိကြောင်း သိရသည်။

 

“ဆေးကတော့ MOH က ဆေးဝါးစောင့်ရှောက်မှု ပေးရန် ဆေးမှုးတယောက် နှင့် လစဥ်ဆေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေပါတယ်။ ယခင်နှစ် ၂၀၂၃ ဒီဇင်ဘာ ၁၀ ကစပြီး တိတိကျကျ ပြည့်ပြည့်စုံစုံ လုပ်ပေးပါတယ် ခုနေ့အထိပေါ့။ ရိက္ခာကတော့ ဆန်အိတ်လေးဆယ်ပဲ ကျန်တော့တယ် တစ်နေ့နှစ်အိတ်နှုန်း ကုန်တယ်”ဟု ၃၈၀၂ တပ်ရင်း တပ်ခွဲ -၄ UGF အုတ်ဖို မှ တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ ပြောသည်။

 

မြို့နယ်အတွင်း အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်ကြောင်း ၊ ပြည်သူများအနေဖြင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စစ်ကောင်စီ၊ ပျူ (ပြည်သူ့စစ် ) ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်  ဝေးဝေးနေရန် လိုအပ်ကြောင်းကို လည်း ပြောကြားခဲ့သည်။

 

” တောထဲတောင်ထဲနေရတာ အေးတယ် တော်တော် လိုအပ်ချက်တွေတော့ရှိတာပေါ့ ကိုယ့်အိမ် ကိုယ့်ယာမှာလိုတော့ ဘယ်ဟုတ်ပါ့မလဲ ခုကတော့ ရေကိစ္စက အဆင်ပြေပေမယ့် နွေရာသီရောက်လာရင် ရေ အဆင်ပြေပါ့မလား ပဲ” ဟု မြို့နယ်တွင်း စစ်ရှောင်တစ်ဦးက ပြောသည်။

 

စစ်ရှောင်အရပ်သားပြည်သူများတွင် ငါးနှစ်ဝန်းကျင်ကလေး ၇၀ ယောက် ခန့်၊  အသက် ၈၀  အရွယ်  ၁၅ ယောက်ခန့်ရှိပြီး  တောတောင်ထဲတွင်နေထိုင်နေရခြင်းကြောင့်၊ ရာသီအကူးအပြောင်းတွင် နာမကျန်းဖြစ်ပွားလျှက်ရှိကြောင်းကိုလည်း ၄င်း၏ ပြောဆိုမှုအရ သိရသည်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာညွှန်း – စစ်ဘေးရှောင်များနေထိုင်ရာ တဲအိမ်ငယ်များအား မြင်ရပုံ