အုတ်ဖိုက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

Author မင်းထက်
Categories
Published on Oct 30, 2023

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးကို နေအိမ်သို့ပြန်လာစဉ်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) တာ၀န်ခံ ဗိုလ်တောက်တက်က CJ Platform သို့ ပြောကြားသည်။

တော်လှန်ရေးတပ်ဖွဲ့များမှ ရှင်းလင်းရန်ပစ်မှတ်ထားခံရ‌သော ယင်းမြို့နယ်၊ သရက်နှစ်ဖျားလိန်ကျေးရွာအုပ်စု၊ ချောင်းခွ(ကေ)ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်သည် တိမ်းရှောင်နေခဲ့ရာမှ နေအိမ်သို့ပြန်ရောက်လာသည်ကို သတင်းရ၍ ယမန်နေ့ အောက်တိုဘာ၂၉ ရက် နံနက် ၁၁ နာရီတွင် ၄င်း၏ ဇနီးဖြစ်သူနှင့် ချောင်းခွ(ကေ)ရွာထိပ်သို့ ဆိုင်ကယ်စီးထွက်လာစဥ် တော်လှန်ရေးရဲဘော်များက ပစ်ခတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှုးဆိုတဲ့ ရာထူးအာဏာကိုအသုံးချပြီးတော့ စစ်ကောင်စီအတွက် အဓိက ငွေရှာပေးနေတဲ့သူဖြစ်လို့။ နောက်တစ်ချက်က အုပ်စုတွင်း ဆိုးသွမ်းလူငယ်တွေအပြစ်ကြိိး လုပ်တဲ့အခါမှာ အပြစ်ယူမလား။ တပ်ထဲ၀င်မလား။ အဲဒီလိုစည်းရုံးမှုမျိုးတွေ၊ နောက်တစ်ချက်က အကြောင်းရာတစ်ခုခုဖြစ်လာရင် ပြည်သူတွေအပေါ်ငွေညှစ်တယ်” ဟု ၃၈၀၂ တပ်ခွဲ ၄ တာဝန်ခံ ဗိုလ်တောက်တက်က ပြောသည်။

ထို့ပြင် PDF များ အသွားအလာကို မှတ်တမ်းယူပြီး စစ်ကောင်စီထံသတင်းပေးခြင်း၊ တည်နေရာများထောက်လှမ်းခြင်း၊ ပြည်သူများကို လက်နက်အားကိုဖြင့်ဖိနှိပ်ခြင်းများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

“အရင်အုပ်ကြီးတွေလိုအကြိမ်ကြိမ်သတိပေးတယ်။ မရဘူး။ ပိုဆိုးလာတယ်။ ရှင်းပစ်လိုက်ရတယ်။ မရှိသင့်တဲ့ထဲမှာပါတယ်” ဟု ဗိုလ်တောက်တက်က ပြောသည်။

၎င်းပစ်ခတ်ခံရပြီးနောက် အုတ်ဖိုမြို့နယ်အတွင်း အသင့်ရှိနေသော စစ်ကောင်စီစစ်ကြောင်းမှာ အဖွဲ့ ၂ ဖွဲ့ဖြင့် ရောက်ရှိလာကြပြီး ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် မသက်ဆိုင်သူ အပြစ်မဲ့ပြည်သူများကို ဖမ်း‌ဆီးသွားကြောင်း သိရသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအနေဖြင့် တရား၀င်ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ယခုရှင်းလင်းခဲ့မှုသည် ၄င်းတို့အဖွဲ့ဖြင့်သာ သက်ဆိုင်မှုရှိကြောင်း၊ အပြစ်မဲ့ ပြည်သူများ နှင့် လုံးဝမပတ်သက်ကြောင်း ထပ်လောင်းပြောကြားသည်။

အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်ကို ရှင်းလင်းပြီးနောက် စစ်ကောင်စီမှပေးထားသော ၄င်းကိုင်ဆောင်သည့် သေနတ်နှင့် လက်ပစ်ဗုံးကို ယူဆောင်လာခြင်းမရှိ၍ မသိမ်းဆည်းနိုင်ခဲ့ဘဲ ဆိုင်ကယ် ၁ စီးကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။