အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ ပူးတွဲကြေညာချက်သည် အရေးပါသည့် အချက်အလက်များ မပါ၀င်ကြောင်း NUG ဆို
အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ ပူးတွဲကြေညာချက်သည် အရေးပါသည့် အချက်အလက်များ မပါ၀င်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြိး အီးယူ-အာဆီယံထိပ်သီး အစည်းအဝေးခေါင်းဆောင် များ၏ ပူးတွဲကြေညာချက်ကို ကြိုဆိုကြောင်း၊ ကြေညာချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် လိုအပ်လျက်ရှိသည့် လူသားချင်းစာနာမှု အကူအညီများအား ခွဲခြားဆက်ဆံမှုမရှိဘဲ ထိရောက်စွာပေးအပ်နိုင်ရေးကို တောင်းဆို ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီးယူနှင့် ဆီယံခေါင်းဆောင်များအနေဖြင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦး ကို စစ်တပ်က ကွပ်မျက်ခဲ့ခြင်းအား ရှုတ်ချခဲ့ပြီး အာဆီယံဥက္ကဌ၏ အထူးသံတမန်အား သက်ဆိုင်သည့် အဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံရန် ယုံကြည်မှု တည်ဆောက်ရန် တောင်းဆိုခဲ့ကြောင်း၊ ယခုကဲ့သို့ တောင်းဆိုမှုများကို ကြိုဆိုသော်လည်း ယင်းတောင်ဆိုမှုများသည် အသစ်အဆန်းမဟုတ်သကဲ့သို့ အရေးပါသည့် အချက်အလက်များလည်း မပါ၀င်ဘဲ ကျန်ရှိနေသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပူးတွဲကြေညာချက်တွင် NUG ကို မြန်မာပြည်သူများ၏ တရား၀င် ကိုယ်စားလှယ်အဖြစ် ထောက်ခံကြောင်း ဖော်ပြထားခြင်းမရှိသည့်အပြင် တရားမ၀င် အကြမ်းဖက်စစ်အာဏာရှင်များ၏ ကြမ်းကြုတ် ယုတ်မာရက်စက်မှုများကို ရှုတ်ချကြောင်း ဖော်ပြန်ရန်လည်း ပျက်ကွက်သည်ဟု NUG က ထောက်ပြထားသည်။
အီးယူ-အာဆီယံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ထောက်ခံရမည်ဖြစ်ကာ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အရေးပေါ်အခြေအနေ ကြေညာခြင်းတို့အား ပယ်ချရမည်ဖြစ်ကြောင်း၊ လေယာဉ်ဆီ ရောင်းချနေသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်း၊ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ် မှုများ ပြုလုပ်လာနိုင်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းကို ဖြိုဖျက်နိုင်ရန်အတွက် ထိရောက်သော တောင်းဆိုမှုများနှင့် နိုင်ငံရေးအကျဉ်းသား ထပ်မံကွပ်မျက်ခြင်းမပြုနိုင်အောင် ပြင်းထန်သည့် ဖိအားပေးရန် လိုအပ်သည်ဟု NUG က ဆိုသည်။
စစ်အုပ်စုကြောင့် ဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်းများအား ကူညီဖြေရှင်းပေးရန် အီးယူနှင့် အာဆီယံတို့မှ ဆောင်ရွက်မည့် နှစ်ဆတိုး ကြိုးပမ်းအားထုတ်မှုကို NUG အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပြီး၊ အာဆီယံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်မှု နှင့် နိုင်ငံတကာ၏ တာ၀န်ခံမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများကို လူသိရှင်ကြား ထုတ်ဖော်ပြသသင့်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။