အီလွန်ကို ခြိမ်းခြောက်ထားတာတွေ ပြန်ရုတ်သိမ်းပြီး ပိုပြီးကြီးပွားစေလိုတယ်လို့ ထရမ့်ဆို

သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်ရဲ့ ကုမ္ပဏီတွေအတွက် အစိုးရထောက်ပံ့ကြေးတွေနဲ့ အစိုးရကန်ထရိုက်တွေကို ဖြတ်တောက်ပစ်မယ်လို့ အစောပိုင်းက ခြိမ်းခြောက်ခဲ့ပေမယ့် အခုတော့ အဲဒါကို ပြန်ရုတ်သိမ်းပြီး မတ်စ်ကို ပိုပြီးကြီးပွားစေချင်တယ်လို့ ပြောလိုက်တာကို နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
သူ့ရဲ့ Truth Social လူမှုကွန်ရက်ပေါ်မှာ ထရမ့်က မတ်စ်နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းအားလုံးကို “အရင်ကထက် ပိုပြီးကြီးပွားစေချင်တယ်” လို့ ပြောဆိုခဲ့ပြီး၊ သူတို့ရဲ့ အောင်မြင်မှုဟာ အမေရိကအတွက် ကောင်းတဲ့အရာပဲလို့ ပြောခဲ့ပါတယ်။
ဒါဟာ မတ်စ်က ထရမ့်ရဲ့ “One Big Beautiful Bill” ဥပဒေကြမ်းကို ဝေဖန်ခဲ့တဲ့အတွက် Tesla, SpaceX နဲ့ xAI တို့ကို ပေးနေတဲ့ ဖက်ဒရယ်အစိုးရရဲ့ ထောက်ပံ့မှုတွေ အဆုံးသတ်ပစ်မယ်လို့ ဇွန်လတုန်းက ထရန့် ခြိမ်းခြောက်ခဲ့ရာကနေ သဘောထား ပြောင်းလဲလာတာ ဖြစ်ပါတယ်။
Tesla ကုမ္ပဏီက အဲဒီဥပဒေကြမ်းဟာ လျှပ်စစ်ကား အခွန်သက်သာခွင့်တွေကို အဆုံးသတ်မှာဖြစ်လို့ ကုမ္ပဏီရဲ့ အမြတ်အစွန်းကို ထိခိုက်နိုင်တယ်လို့ မကြာသေးခင်က သတိပေးခဲ့ပါတယ်။ မတ်စ်ရဲ့ AI ကုမ္ပဏီဖြစ်တဲ့ xAI ကလည်း ပင်တဂွန် စစ်ဌာနချုပ်ကနေ ဒေါ်လာ သန်း ၂၀၀ တန် ကန်ထရိုက်တစ်ခု ရရှိခဲ့ပြီး ဒီကန်ထရိုက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်က မေးခွန်းထုတ်ခဲ့ပါသေးတယ်။
တစ်ချိန်က မဟာမိတ်တွေဖြစ်ခဲ့တဲ့ ထရမ့်နဲ့ မတ်စ်တို့ဟာ အခုအခါမှာတော့ မူဝါဒ၊ ကန်ထရိုက်တွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ဝေဖန်တိုက်ခိုက်ရင်း လူသိရှင်ကြား ရန်လိုတဲ့ အခြေအနေ ဖြစ်နေရာကနေ ထရမ့်ဘက်က အခုလို အပြုသဘောဆောင်တဲ့ အခြေအနေကို ထုတ်ပြလာတာလည်း ဖြစ်ပါတယ်။
Source – CNBC, Huffpost
ဓာတ်ပုံ – CNBC