အီရတ်မှာ ဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် ရဲအရာရှိ အနည်းဆုံး ၇ ဦး သေဆုံး

Author ဇိမ်း
Categories
Published on Dec 18, 2022

အီရတ်နိုင်ငံ မြောက်ပိုင်း၊ Kirkuk မြို့တော်အနီးမှာ ဗုံးခွဲ တိုက်ခိုက်ခံရမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိ အနည်းဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ကနဦး ဖော်ပြထားပါတယ်။

ဒီကနေ့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှု နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းက ပါဝင်ပတ်သက်နေသလဲဆိုတာကို လက်ရှိမှာ တိတိကျကျမသိရှိနိုင်သေးပေမယ့် အာဏာပိုင်တွေကတော့ အိုင်အက်စ်တွေကို အပြစ်တင်ထားပါတယ်။

လတ်တလောမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ထရပ်ကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပြီး Chalal al-Matar ခေါ်တဲ့ ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။

ကနဦးသတင်းအရ ဗုံးနဲ့ စတင်တိုက်ခိုက်ခဲ့ပြီးနောက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး အီရတ်ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သလို တိုက်ခိုက်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ကျန်အဖွဲ့ဝင်တွေကိုတော့ လက်ရှိမှာ အာဏာပိုင်တွေက ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ဘဂ္ဂဒက်မြို့အနီးဖြစ်ပွားခဲ့တဲ့ လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် အီရတ်စစ်သားသုံးဦး သေဆုံးခဲ့သလို အဲ့ဒီလုပ်ဆောင်မှုကို အိုင်အက်စ်အဖွဲ့တွေက သူတို့ ပြုလုပ်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဆီးရီးယားနဲ့ အီရတ်တို့မှာ တိုက်ခိုက်ရေးသမား ခန့်မှန်းခြေ ၆,၀၀၀ နဲ့ ၁၀,၀၀၀ အကြားသည် ကျေးလက်ဒေသများမှာ အများစု အခြေစိုက်ပြီး တိုက်ခိုက်မှုတွေ၊ ချုံခိုတိုက်ခိုက်မှုတွေပြုလုပ်လေ့ရှိပြီး လမ်းဘေးဗုံးခွဲမှုတွေကိုလည်း လုပ်ဆောင်ကြပါတယ်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နိုင်ငံတကာသတင်း #အီရတ် #ဆီးရီးယား #ဗုံးခွဲ