အိုးဘိုထောင်တွင် နိုင်/ကျဉ်းသူတစ်ဦး ကျောက်ကပ်ရောဂါဖြင့် ဆုံးပါး

Author လင်းနွေဦး
Categories
Published on Feb 07, 2024

နိုင်/ကျဉ်းများ နှိပ်ကွပ်ရာဟုနာမည်ကြီးသော မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က နိုင်ငံရေးအကျဉ်းသူတစ်ဦး ကျောက်ကပ်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) တာဝန်ရှိသူတစ်ဦးဖြစ်သော ကိုသိုက်ထွန်းဦးက CJ Platform သို့ ပြောကြားသည်။

 

အသက် ၃၅ နှစ်အရွယ် မယဉ်မိုးသည် ထောင်တွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ဆုံးပါးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 

မယဉ်မိုးသည် အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မတ်လတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၆) ရဲစခန်းနှင့် အမှတ် (၈) ရဲစခန်းတို့မှ တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅(က)အပါအဝင် အမှုနှစ်ခုဖြင့် တရားစွဲဆိုပြီးနောက်  ချမ်းအေးသာစံတရားရုံးမှ ထောင်ဒဏ်(၆)နှစ် ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။

 

ထောင်တွင်းသို့ မရောက်ရှိမီက ကျန်းမာရေး ကောင်းမွန်သူဖြစ်ကြောင်း ကိုသိုက်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းက ဆိုကြသည်။

 

အိုးဘိုထောင်သို့ရောက်ရှိပြီးမကြာမီပင် သောက်သုံးရေ မသန့်ရှင်းခြင်း၊ အစားအသောက်နှင့် လိုအပ်သည့် ဆေးဝါးများ မမှီဝဲရခြင်းတို့ကြောင့် ကျောက်ကပ်ရောဂါ စတင်ခံစားခဲ့ရသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် မြင်းခြံထောင်သို့ ပြောင်း‌ရွှေ့ခြင်းခံခဲ့ရပြီးနောက် မြင်းခြံထောင်၌ ကျန်းမာရေး ပိုမိုဆိုးဝါးလာ၍ မန္တလေးအိုးဘိုထောင်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရကြောင်း နိုင်ကျဉ်းအသိုင်းအဝိုင်းထံမှ သိရသည်။

 

“မန္တလေး အိုးဘိုထောင်ကို ပြန်ပို့ခံရပြီးမှ အဲဒီကထောင်ဆေးရုံမှာ ဆေးဝါးကုသမှုတွေ ခံယူတယ်။ မသက်သာတဲ့အတွက်ကြောင့် ထောင်အာဏာပိုင်တွေကို ပြင်ပဆေးရုံကိုပို့ပြီး ကုသခွင့်ပေးဖို့ မကြာခဏတောင်းဆိုခဲ့တယ်။ ဟိုဘက်က ခွင့်ပြုပေးပေမဲ့ လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောပြီး ခဏလေးနဲ့ ထောင်တွင်းကို ပြန်ခေါ်တယ်။ အဲဒီလို ပို့လိုက် ပြန်ခေါ်လိုက်နဲ့ လုံးလည်ချာလည်လိုက်ပြီး သူ(မယဉ်မိုး)လည်း မန္တလေး ဆေးရုံကြီးမှာပဲ ဆုံးပါးတယ်” ဟု ကိုသိုက်ထွန်းက ပြောသည်။

 

မယဉ်မိုးမှာ ကျန်းမာရေးအခြေအနေဆိုးဝါး၍ မဆုံးပါးမီအထိ မန္တလေး ဆေးရုံကြီးမှ ထောင်ဆေးရုံသို့ ခြောက်ကြိမ်အထိ ပြန်လည်ခေါ်ဆောင်ခံခဲ့ရပြီး ကျန်းမာရေးအဆိုးရွားဆုံး အချိန်ဖြစ်သည့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှာပင် နှစ်ကြိမ်တိုင် ပြောင်းရွှေ့ခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

 

ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးခြင်း၊ လိုအပ်သောဆေးဝါးများ မထောက်ပံ့နိုင်ခြင်းတို့ကြောင့် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မယဉ်မိုးကဲ့သို့ နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆို ထောင်ချမှတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသား/အကျဉ်း(၅)ဦးအထိရှိကြောင်း PPNM ၏ စာရင်းများအရ သိရသည်။

 

ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များ၌ ထောင်တွင်းအစားအသောက် ညံ့ဖျင်းမှု၊ သောက်သုံးရေ မသန့်ရှင်းမှု၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးခြင်းနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် အသက်ဆုံးပါးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူ ၁၇ ဦး အထိရှိခဲ့ကြောင်း ယင်းစာရင်းအရ သိရသည်။