အိုးဘိုထောင်တွင်း ဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဉ်းသား တစ်ဦး အသက်ဆုံးပါးခဲ့ရ

Author ခေတ်နီ
Categories
Published on Sep 30, 2022

မန္တလေး အိုးဘိုထောင်အတွင်း ဆေးကုသခွင့် မရခဲ့၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး အသက်ဆုံးပါးခဲ့ရကြောင်း အိုးဘိုထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပေးပို့လာသော စာကို ကိုးကား၍ မန္တလေး သပိတ်အင်အားစုက ထုတ်ပြန်ထားသည်။

အိုးဘိုထောင်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင် အိပ်ဆောင် ၃ အခန်း ၆မှ အကျဥ်းသားတစ်ဦး ည၇ နာရီအချိန်ခန့်မှာ အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေသည့်အတွက် တာဝန်ကျ အကျဥ်းဦးစီးဝန်ထမ်းများအား အကြောင်းကြားခဲ့သော်လည်း လာရောက်ဆေးကုသခြင်းမရှိသောကြောင့် ည ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် အသက်ဆုံးပါးသွားခဲ့ရခြင်း ဖြစ်ကြောင်း ထောင်အတွင်းမှ ပေးပို့သောစာအရ သိရသည်။

ထို့အပြင့် အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုများရှိနေကာ အပြစ်ရှာတိုက်ပိတ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ကောင်းစွာမရရှိခြင်း၊ ထောင်ပိုင်ကြီး(ခ) အကျဥ်းဦးစီးဋ္ဌာနအကြီးအကဲမှ နိုင်ငံရေးအကျဥ်းများ၏ ယုံကြည်မှုများကို လှောင်ပြောင်ပြောဆိုခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။

အခုလို နိုင်ငံရေးအကျဥ်းသားသေဆုံးခဲ့ရမှုအပေါ် အိုးဘိုထောင်အတွင်းက နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ များနှင့် အခြားအကျဥ်းသား၊ အကျဥ်းသူများမှ မန္တလေး အိုးဘိုအကျဥ်းဦးစီးဋ္ဌာနအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချထားသည်။

သေဆုံးခဲ့သည့် နိုင်ငံရေးအကျဥ်းသား၏ အမည်နှင့် ဖြစ်ပွားခဲ့သည့် ကျန်းမာရေး အခြေအနေကိုမူ CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းဖမ်းဆီးခံထားရသူ ၁၂၅၄၃ဦးရှိနေပြီး အကျဥ်းချခံရသူ ၁၄၉၄ဦးထိရှိကာ သေဒဏ်ချမှတ်ခံရသူ၁၂၆ဦးထိ ရှိနေပြီပဲဖြစ်သည်။