အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကျော်လွန်ပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်များကို အရေးယူပေးရန် NUG တောင်းဆို

Author လင်းခိုင်
Categories
Published on Jan 12, 2023

 

အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်ကျော်လွန်ပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်ကောင်စီလုပ်ရပ်များကို အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ က တောင်းဆိုချက်အား ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီ မိနစ် ၃၀တွင် တစ်ကြိမ်၊ ၁၁ ရက် ညနေ ၄ နာရီတွင် တစ်ကြိမ် ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ ဗစ်တိုးရီးယားစခန်းကို တိုက်လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပထမရက်တွင် ချင်းအမျိုးသားတပ်ဖွဲ့၀င် တော်လှန်ရေးရဲမေ ၃ ဦးနှင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး၊ ဒုတိယ ရက်တွင် ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာတွင် အိန္ဒိယနိုင်ငံ နယ်နမိတ်အတွင်း ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အဆိုပါဖြစ်စဉ်မတိုင်မီကလည်း စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို လုယူပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူဦးရေ ၄၆၀ ကျော်အထိရှိလာပြီဖြစ်ကာ အများစုသည် အရပ်သားပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချပြီး ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောင်ချင်းစီတိုင်းအတွက် တရားမျှတမှု ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန်ဆောင်ရွက်သွားမည်ဟု NUG ကပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း မိမိတို့ လေပိုင်နက်ကို အသုံးပြုကာ မြန်မာပြည်သူများကို သတ်ဖြတ်နေရုံမက ၊ အိမ်နီးချင်းနိုင်ငံများရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီ လုပ်ရပ်များကို ပြင်းထန်စွာ အရေးယူဆောင်ရွက်မှု အမြန်ဆုံးပြုလုပ်ရန် NUG က တိုက်တွန်းတောင်းဆိုထားသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီး၊ မြန်မာ့အရေးကို ပြေလည်စေရန် ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြိုးစားမှုများကိုလည်း လျစ်လျူရှု့နေခြင်းဖြစ်သည်ဟု NUG က ထောက်ပြပြောဆိုထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #လေပိုင်နက် #လေကြောင်းတိုက်ခိုက်မှု