အိန္ဒိယ-မြန်မာ နယ်စပ် မီဇိုရမ်ထဲ စစ်ဘေးရှောင်နေရသူ သုံးထောင်ကျော် အစားအသောက်၊ ဆေးဝါးတို့ကဲ့သို့ အရေးပေါ် ထောက်ပံ့မှုများလိုအပ်နေ

Author မယ်ဘယ်ကိုး
Categories
Published on Jan 25, 2024

ချင်းပြည်နယ် (တောင်ပိုင်း)၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်အတွင်းမှ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲသို့ စစ်ဘေးရှောင်နေရသူ သုံးထောင်ကျော်ရှိရာ ၎င်းတို့အတွက် အစားအသောက်၊ ဆေးဝါးတို့ကဲ့သို့ အရေးပေါ် ထောက်ပံ့မှုများလိုအပ်နေကြောင်း ထိုစစ်ရှောင်များကူညီရေးအဖွဲ့ တာဝန်ခံက CJ Platform သို့ ပြောသည်။

 

ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော် AA၊ ချင်းတော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ရှောင်သူဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေသည်ဟု ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းဘွယ်ရှိုင်းက ပြောသည်။

 

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ ယနေ့အထိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်သို့ အိမ်ထောင်စု ၂၀၀ ခန့်ထပ်မံ တိမ်းရှောင်လာသည့်အတွက် ယခုအခါ စုစုပေါင်း အိမ်ထောင်စု ၇၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်ရှိနေကြောင်း ထပ်မံသိရသည်။

 

“စစ်ရှောင်ကြတဲ့သူတွေထဲမှာ အသက်ကြီးသူတွေ၊ ကလေးသူငယ်နှင့် အမျိုးသမီးတွေအပြင် ရဲ၊မီးသတ်နဲ့ ပညာရေးဝန်ထမ်းတွေ လည်းပါတယ်။ စစ်ရှောင်လာတဲ့ဝန်ထမ်းတွေကို CDM လို့ ပြောမရဘဲ အလင်းဝင်တယ်လို့သတ်မှတ်ရမယ်” ဟု ဆလိုင်းဘွယ်ရှိုင်းက ဆိုသည်။

 

ထိုပလက်၀ဒေသခံစစ်ဘေးရှောင်များအနေဖြင့် တိုက်ပွဲလက်ကျန် ဗုံး၊ မိုင်းများ၏ အန္တရာယ်ကို ကြောက်ရွံ့နေကြသောကြောင့် နေရပ်ပြန်ရန် အခက်တွေ့နေကြသည်ဟု ဆိုသည်။

 

လတ်တလော စစ်ရှောင်အများစုတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာ‌ေရာဂါများခံစားနေရသကဲ့သို့ ဆေး၀ါး၊ စောင်၊ အနွေးထည်များလည်း လိုအပ်နေကြောင်း ပလက်ဝစစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းဘွယ်ရှိုင်းက ဆိုသည်။

 

လက်ရှိတွင် မီဇိုရမ်စစ်ဘေးရှောင်စခန်းများ၌ လုံခြုံသည်ဟုယူဆ၍ရကြောင်း၊ မီဇိုရမ် ဒေသခံများကလည်း စစ်ရှောင်များနှင့် ကယ်ဆယ်ရေးဆောင်ရွက်သူများအပေါ် ကူညီပေးနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ငွေကြေးအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေများစွာရှိနေတယ်။ စစ်ရှောင်တွေဆိုပိုဆိုးတာပေါ့။ ဒါကြောင့် NGO/CSO အဖွဲ့အစည်းတွေအနေနဲ့ ပလက်ဝစစ်ရှောင်အရေးမှာ ကူညီပေးကြဖို့ကို မေတ္တာရပ်ခံလိုတယ်” ပလက်ဝစစ်ရှောင် ကူညီကယ် ဆယ်ရေး အဖွဲ့ တာဝန်ခံ ဆလိုင်းဘွယ်ရှိုင်းက ပြောသည်။

 

ပလက်ဝမြို့ဒေသခံအများစုသည် မီဇိုရမ် စစ်ရှောင်စခန်းများသို့ ရောက်ရှိနေသော်လည်း အချို့မှာ လမ်းပန်းဆက်သွယ်‌‌ရေးနှင့် ဖုန်းလိုင်းအခက်အခဲများကြောင့်  ပလက်ဝမြို့နယ် ကျေးရွာများတွင် ခက်ခက်ခဲခဲနေထိုင်ရဆွဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ရက္ခိုင့်တပ်တော် AA အနေဖြင့် ပလက်ဝမြို့တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

 

ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ရခိုင်နှင့် ချင်းပြည် ပလက်ဝဒေသတို့တွင် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများစတင်ခဲ့သည်။

 

ထို့ကြောင့် ပလက်ဝဒေသခံများအနေဖြင့် မီဇိုရမ်အပါအဝင် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် အရပ်သား (၂၀၀၀၀)ကျော်ရှိကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီက ထုတ်ပြန်ထားသည်။

Related News

Depend on news